ကော်သူးလေ − ၂၀၂၃ မေ ၁၁ (မော်ကွန်း)
၂၀၂၃ ဇန်နဝါရီကနေ ဧပြီထိ ကော်သူးလေအုပ်ချုပ်နယ်မြေတွေက တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်နဲ့ နယ်ခြားစောင့်တပ်ဘက်က ၁,၇၀၀ ကျော်သေဆုံးခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး(KNU) က ဒီကနေ့ ထုတ်ပြန်ပါတယ်။
တိုက်ပွဲပေါင်း ၁,၆၄၂ ကြိမ်အတွင်းမှာ အာဏာသိမ်းစစ်တပ်ဘက်က တပ်ရင်းမှူး(ဒုဗိုလ်မှူးကြီးအဆင့်) လေးဦးနဲ့ ဒုတပ်ရင်းမှူး(ဗိုလ်မှူးအဆင့်) ငါးဦးအပါအဝင် စစ်သား ၁,၇၃၆ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၁,၁၀၀ ကျော်ရှိတယ်လို့ ကေအဲန်ယူကထုတ်ပြန်ပါတယ်။
ကေအဲန်ယူဘက်ကတော့ ၅၉ ဦး သေဆုံးခဲ့ပြီး ၂၀၀ နီးပါး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
၂၀၂၁ အာဏာသိမ်းချိန်ကစလို့ ကေအဲန်ယူအုပ်ချုပ်နယ်မြေထဲမှာ တိုက်ပွဲတွေကြောင့် ဒေသခံပြည်သူ လေးသိန်းကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး စစ်ရှောင်တွေအတွက် စားနပ်ရိက္ခာ၊ အမိုးအကာ၊ ဆေးဝါးမလုံလောက်မှု အခက်အခဲတွေကြုံတွေ့နေရတယ်လို့ ကေအဲန်ယူကထုတ်ပြန်ပါတယ်။
ပုံစာ − ၂၀၂၂ စက်တင်ဘာက ကေအဲန်ယူ တပ်မဟာ ၆ နယ်မြေအတွင်း ကျသွားသည့် အာဏာသိမ်းစစ်တပ်၏ကြိတ်စခန်းမှ လက်နက်များအား KNLA နှင့် ပူးပေါင်းတပ်ဖွဲ့များနှင့်အတူတွေ့ရစဉ်။
ဓါတ်ပုံ − Mawkun Magazine
#Dailynews

