အမှုမပြတ်သေးသည့် ဆီဆိုင် တပ်သိမ်းမြေများတွင် စစ်တပ်ဘက်ကသာ အပြီးအပိုင်စိုက်ပျိုးနေ

အမှုမပြတ်သေးသည့် ဆီဆိုင် တပ်သိမ်းမြေများတွင် စစ်တပ်ဘက်ကသာ အပြီးအပိုင်စိုက်ပျိုးနေ

ဆီဆိုင် – ၂၀၂၃ မေ ၁၀ (မော်ကွန်း)

လွန်ခဲ့သည့်နှစ် ၃၀ ကျော်ကသိမ်းဆည်းထားသည့် ရှမ်းပြည်တောင်ပိုင်း၊ ဆီဆိုင်မြို့က ‌လယ်ဧက နှစ်ထောင်ကျော်ကို အမှုမပြတ်သေးဘဲ စစ်တပ်ကသာ ဝင်ရောက်လုပ်ကိုင်နေပြီး မူလပိုင်ရှင်များအား ဝင်ရောက်လုပ်ကိုင်ခွင့်မပြုကြောင်း ဒေသခံများထံက သိရသည်။

အဆိုပါလယ်မြေများ ပြန်လည်စိုက်ပျိုးခွင့်ရရှိရန်အတွက် ယခုနှစ် မေ ၂ရက်တွင် ဒေသခံများက ခမရ ၄၂၃ နှင့်‌သွားရောက်တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံပွဲ‌တွင် တပ်သိမ်းမြေဧက ၂,၂၀၀ အတွင်း တပ်တွင်းမိသားစုဝင်များက ယခုနှစ်စိုက်ပျိုးကြမည်ဖြစ်ပြီး တောင်သူများ လုံးဝဝင်ရောက်စိုက်ပျိုးခြင်းမလုပ်ရန် အထက်ကအမိန့်ပေးထား‌ကြောင်း ခမရ ၄၂၄ မှ ဗိုလ်ကြီးအဆင့်တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့သည်ဟု တွေ့ဆုံပွဲတက်ရောက်ခဲ့သည့် တောင်သူတစ်ဦးက‌ ပြောသည်။

“ကျွန်တော်တို့ နှစ်စဉ်စိုက်ပျိုးလုပ်ကိုင်လာတဲ့ မြေပေါ်မှာပဲ ပြန်လည်စိုက်ပျိုးဖို့ ခြံရှင်းနေတဲ့အချိန်မှာ တပ်ဘက်ကလာပြီး ဒီနှစ်မှာ မလုပ်ဖို့လာတားတာ၊ အကယ်၍ လုပ်ချင်တယ်ဆိုရင် တပ်နှင့်လာညှိပါလို့ပြောလို့ ကျွန်တော်သွားတွေ့တာဖြစ်တယ်’ ဟု တောင်သူတစ်ဦးကဆိုသည်။

အဆိုပါမြေများသည် အာဏာသိမ်းစစ်တပ်နှင့် ဒေသခံများအကြား အမှုရင်ဆိုင်နေဆဲဖြစ်ကာ အာဏာသိမ်းပြီးနောက် ၂၀၂၂ တွင် ဆီဆိုင်မြို့နယ်တရားရုံးက စစ်တပ်အား အနိုင်ပေးလိုက်ပြီး ဒေသခံများက ပြည်ထောင်စုအဆင့်သို့ အယူခံတက်ရောက်ထားသည်။

“ကျွန်တော်တို့က တရားစွဲဆိုခံထားရတာ‌လေ၊ ဒီအမှုကလည်း မပြီးသေးဘူး၊ ပြီးတော့သူတို့က ဝင်စိုက်လို့ရပြီး ကျွန်တော်တို့ကိုပေးမစိုက်ဘူးပြောတော့ ကျွန်တော်တို့က ဒီမြေနဲ့ဘဲ အသက်မွေးဝမ်းကြောင်းပြုတာ‌ အဓိကမှီခိုအားထားတာလေ၊ ဒီမြေ‌တွေ ဝင်ရောက်စိုက်ပျိုးလို့မရရင် ကျွန်တော် စားဝတ်နေရေးအတွက် မတွေးဝံ့ဘူး “ဟု နောက်ထပ်တောင်သူတစ်ဦးက ပြောသည်။

မိဘ၊ ဘိုးဘွားလက်ငုတ်လယ်မြေများဖြစ်ပြီး လွန်ခဲ့သည့်နှစ်ပေါင်း ၃၀ မှစ၍ စစ်တပ်က မြေသိမ်းထားသော်လည်း အခွန်ပေးခြင်းဖြင့် လယ်လုပ်ကိုင်ခွင့်ရခဲ့ကာ ယခုနှစ်တွင် စိုက်ပျိုးခွင့်မပြုတော့ခြင်းဖြစ်သည်။

” ကျွန်တော်တို့ စိုက်ပျိုးခွင့်လုံးဝမရဘူးဆိုရင် နေ့စဉ်စားသောက်နိုင်ဖို့ စားဝတ်နေရေး‌တွေ၊ သားသမီးအတွက် ပညာပေးနိုင်ဖို့စရိတ်မတက်နိုင်‌တော့ ပညာရေးလည်းထိခိုက်မယ် ၊ပြီးတော့ နေ့စဉ်အလုပ်လည်းမရှိ‌တော့ဘူး ၊တစ်ချို့လူက ကိုယ့်ရွာမှာအလုပ်မရှိတော့ နေ့ရပ်စွန့်ခွာပြီး နိုင်ငံခြားမှာ အလုပ်သွားလုပ်ကြရမှာပေါ့ ” ဟု တောင်သူတစ်ဦးက ပြောသည်။

၁၉၉၂ မှစ၍ တောင်ကြီး-လွိုင်ကော် ကားလမ်းမကြီးအရှေ့ဘက်ခြမ်း၊ ကျေးရွာလူထုပိုင်ဆိုင်သည့်မြေယာများပေါ်တွင် ယာယီတပ်စခန်းတည်ဆောက်ရန်အကြောင်းပြကာ စစ်တပ်ကဝင်ရောက်နေရာယူခြင်းမှ တပ်မြေသိမ်းမှုစတင်ခဲ့သည်။

၎င်းနောက်ပိုင်းတွင် ကားလမ်းအနောက်ဘက်ခြမ်းရှိ မြေနေရာတွင် တပ်ရင်းအတည်တကျတည်ဆောက်ခဲ့ပြီး မြေစသိမ်းခဲ့သည်။

တပ်ရင်းတည်ဆောက်ချိန်တွင်လည်း ဒေသခံ‌တောင်သူများသည် ၎င်းတို့လိုအပ်သည့် သောက်သုံးရေများ အလှည့်ကျသယ်ပို့ပေးခဲ့ရခြင်း၊ လုပ်အားပေးရခြင်းများကို အခကြေးငွေမရဘဲ လုပ်ဆောင်ပေးခဲ့ရသည်။

ခမရ ၄၂၃/ ၄၂၄ သည် တောင်ကြီး – လွိုင်ကော်ကားလမ်းအရှေ့ဘက်ခြမ်းနှင့်အနောက်ဘက်ခြမ်းရှိစုစုပေါင်း မြေဧက ၂,၄၀၀ ကို သိမ်းခဲ့ပြီး ဧက ၂၀၀ ကိုသာ ၂၀၁၇ တွင် ပြန်လည်စွန့်လွှတ်ခဲ့သည်။

ထိုမြေများသိမ်းဆည်းခဲ့ချိန်ကလည်း ဒေသခံများအား တရားဝင်စာဖြင့် အကြောင်းကြားခြင်း မရှိသည့်အပြင် လျော်ကြေး၊ နစ်နာကြေးတစုံတရာမပေးဆောင်ခဲ့ပေ။

တောင်သူများသည် မိမိတို့မြေများသိမ်းဆည်းခံရသော်လည်း အဆိုပါမြေများတွင် ဆက်လက်စိုက်ပျိုးနိုင်ရန် မြေသိမ်းသည့်စစ်တပ်အား ၂၀၁၂ ထိ သီးစားချအခွန်များ ပြန်ပေးခဲ့ရသည်။

၂၀၁၅ တွင် စစ်တပ်က ထိုမြေဧရိယာအတွင်း ဝင်ရောက်စိုက်ပျိုးသော ဒေသခံတောင်သူများအား ခြိမ်းခြောက်မှုများ စတင်ပြုလာခဲ့ပြီး တောင်သူ ၂၇ ဦးအား ၂၀၂၀ တွင် ပိုင်နက်ကျူးကျော်မှုမှုဖြင့်တရားစွဲဆိုကာ တောင်သူများအမှုရှုံးခဲ့ရသည်။

ပုံစာ − ၂၀၂၀ က ဆီဆိုင်မြို့ တပ်သိမ်းမြေများအတွင်း မူလပိုင်ရှင်တောင်သူများက ဝင်ရောက်စိုက်ပျိုးလုပ်ကိုင်သောကြောင့် ပိုင်နက်ကျူးလွန်မှုဖြင့် စစ်တပ်ကတရားစွဲသောကြောင့် တောင်သူများ တရားရင်ဆိုင်ကြစဉ်
ဓါတ်ပုံ − Supplied


#Dailynews

အမျိုးအစား - သတင်း

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."