ရန်ကုန်-၂၀၂၃ မေ ၉ (မော်ကွန်း)
ချင်းပြည်နယ်ထဲမှာ အခုနှစ် မတ်နဲ့ ဧပြီ နှစ်လအတွင်း စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် အရပ်သား ၂၄ ဦးသေဆုံးကာ ၃၃ ဦး ဒဏ်ရာရခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးဌာနချုပ် CNF က မနေ့က ထုတ်ပြန်ပါတယ်။
စစ်ကောင်စီဟာ နှစ်လအတွင်း တိုက်လေယာဉ်နဲ့ ဗုံး အလုံးရေ ၁၂၀ ကျော် ကြဲချတိုက်ခိုက်ခဲ့ကာ အဲဒီအထဲက ဗုံး ၂၀ ကျော်ဟာ ကျေးရွာ လေးရွာအတွင်းကြဲချခဲ့တာဖြစ်ပြီး ကျန်အလုံး ၉၀ ကျော်ဟာ ကျေးရွာအနီးနားတွေကျမှန်ခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီဗုံးကြဲတိုက်ခိုက်မှုတွေကြောင့် ခရစ်ယာန်ဘုရားကျောင်း လေးခုအပါအဝင် လူနေအိမ် အလုံး ၅၀ ကျော် ပျက်ဆီးဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်ဟာ မတ် ၃၀ ရက်ကလည်း ထန်တလန်မြို့နယ် ခွာဖိုရွာကို တိုက်ပွဲဖြစ်ပွါးခြင်းမရှိဘဲ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာကြောင့် ပြည်သူခုနစ်ဦးသေဆုံးခဲ့ကာ လူနေအိမ်အချို့လည်း မီးလောင်ပျက်စီးခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်ကလည်း ဖလမ်းမြို့နယ်နဲ့ ၁၂ မိုင်ခန့်ဝေးတဲ့ ဗားရ်ကျေးရွာက စစ်ကောင်စီစခန်းကို ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့တွေ သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီလေတပ်က စခန်းသိမ်းခံရတဲ့ နေရာအနီးတစ်ဝိုက်ကို တိုက်လေယာဉ်နဲ့ ဗုံးကြဲကာ အပြန်မှာ ဝေဘူလမြို့က စာသင်ကျောင်းကို ဗုံးကြဲချခဲ့တာကြောင့် ပြည်သူ ၁၁ ဦးသေဆုံးခဲ့ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်မှုတွေနဲ့ပတ်သက်ပြီး စစ်ကောင်စီကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိပါဘူး။
ပုံစာ – ချင်းပြည်နယ်တွင်းစစ်ကောင်စီတပ်ရဲ့လေကြောင်းတိုက်ခိုက်မှုများ
Photo-Chinland Information Center
#Dailynews

