ရန်ကုန် – ၂၀၂၃ ဧပြီ ၂၅ (မော်ကွန်း)
မန္တလေးမြို့တွင်းမှာ လျှပ်စစ်မီးပြတ်ချိန်များပြီး ရေတင်မရတာကြောင့် ရေအခက်အခဲ ကြုံနေရတယ်လို့ မန္တလေးမြို့ခံတွေနဲ့ ရေလှူပေးနေသူတွေဆီက မော်ကွန်းကိုပြောပါတယ်။
“သင်္ကြန်ပြီးနောက်ပိုင်းကစပြီး ရေပြတ်တာ။ အခုရေလိုက်လှူနေကြတာလည်းရှိတယ်။ တကယ့်တကယ်ကျ နိုင်လောက်မယ်မထင်ဘူး။ မီးပြတ်တာများနေတာကို” လို့ မန္တလေးမြို့ခံတစ်ဦးကပြောပါတယ်။
မန္တလေးမြို့တွင်းမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက လေပြင်းတိုက်ပြီး ဓာတ်တိုင်တွေကျိုးတာကြောင့် လျှပ်စစ်မီးပြတ်ပြီး အခုလိုအခြေအနေတွေ ကြုံလာရတာလို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီး ကော်မတီက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“အဲဒီအချိန်မှာ ရေပြတ်လပ်မှုနှုန်းက တအားကိုတက်သွားတယ်ဗျ။ ကျွန်တော်တို့အနေနဲ့ ပြီးခဲ့တဲ့နှစ်ရက်က တစ်ရက်ကို ရေဂါလန် တစ်သောင်း၊နှစ်သောင်းကျော် လိုက်ပြီးကူညီပေးနေတာပါခင်ဗျ” လို့ ပြောပါတယ်။
မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့- မန္တလေးတိုင်းဒေသကြီး ကော်မတီအနေနဲ့ မနက်အစောပိုင်းကနေ ညပိုင်းအထိ အကူညီလိုတဲ့နေရာတွေမှာ ရေလိုက်လှူပေးနေတယ်လို့ သိရပါတယ်။
လက်ရှိအချိန်မှာတော့ မန္တလေးမြို့တွင်း ခုနစ်မြို့နယ်ထဲမှာ အမရပူရမြို့နယ်တစ်ခုသာ ရေပြတ်လပ်မှုမကြုံရသေးတာလို့ သိရပါတယ်။
ပုံစာ – မန္တလေးမြို့တွင်းရေးပေးဝေနေပုံ
Photo – မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့-မန္တလေးတိုင်းဒေသကြီးကော်မတီ
#Dailynews

