ဆားလင်းကြီး – ၂၀၂၃ ဧပြီ ၂၅ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ရဲ့ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ-မုံရွာ)ကနေ ဝင်ရောက်လာတဲ့ စစ်ကြောင်းဟာ ဒီကနေ့နံနက်အစောပိုင်း ဆားလင်းကြီးနယ်မှာ အရပ်သားလေးဦးကို သတ်ဖြတ်သွားခဲ့ကြောင်း ဒေသခံတွေဆီက စုံစမ်းသိရှိရပါတယ်။
ညောင်ပင်းကြီးကျေးရွာကနေထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့စစ်ကြောင်းဟာ ရွှေလှေကျေးရွာအရောက်မှာ အရပ်သားတစ်ဦးကို ဦးစွာပစ်သတ်ခဲ့ပါတယ်။
ဒေသခံတွေပြောပြချက်အရ အသတ်ခံရတဲ့ဒေသခံဟာ မြိုင်နယ်ကနေ မုံရွာမြို့ကို ဆိုင်ကယ်သက်တမ်းတိုးဖို့ လာရောက်ခဲ့သူဖြစ်ပြီး သူနဲ့အတူပါလာတဲ့အဖော်တစ်ဦးကတော့ ထွက်ပြေးလွတ်မြောက်ခဲ့ပါတယ်။
အဲဒီကနေ စစ်ကြောင်းဟာတောင်ဘက်ကို ဆက်လက်ထွက်ခွာသွားပြီး နေ့လယ် ၁၂း၀၀ နာရီလောက်မှာ ဖောင်းကတာရွာနဲ့ မန်ကျည်းတန်းရွာကြားမှာ နောက်ထပ်အရပ်သားသုံးဦးကို သတ်ပစ်ခဲ့ကြတယ်လို့ ဒေသခံတွေကပြောပါတယ်။
အသတ်ခံရသူတွေရဲ့ ခန္ဓာကိုယ်တွေမှာ နှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေတွေ့ရပြီး ဦးခေါင်းကိုပစ်ခတ်ထားတဲ့အလောင်းတွေဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
“ရင်ဘတ်၊ နောက်ကျောဘက်တွေ၊ ဝမ်းဗိုက်တွေမှာ ထိုးသွင်းဒဏ်ရာတွေတွေ့ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အသတ်ခံရသူတွေဟာ ဒေသခံတွေမဟုတ်ဘဲ မုံရွာမြို့ဘက်ကလို့ ယူဆရကြောင်း ဒေသခံကဆိုပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း(AAPP)ရဲ့ မနေ့ကနောက်ဆုံးစောင့်ကြည့်တွက်ချက်မှုအရ အာဏာသိမ်းစစ်တပ်လက်ချက်နဲ့ သေဆုံးခဲ့ရတဲ့ပြည်သူဟာ အနည်းဆုံး ၃,၄၃၀ ဦးရှိလာပါပြီ။
အာဏာသိမ်းစစ်တပ်ရဲ့ စစ်ကြောင်းဟာ ခုနောက်ဆုံးသိရတဲ့သတင်းအရ ခြောက်တင်းကျရွာအနီးတဝိုက်မှာပဲရှိနေသေးတယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီလို အာဏာသိမ်းစစ်တပ်က စစ်ကြောင်းထိုး၊ လူသတ်နေတာကြောင့် ဆားလင်းကြီးနယ်က ရွှေလှ၊ လက်ပံတောင်း၊ ကံတော၊ တုံသုံးရွာ၊ ဇီးတော၊ ဖောင်းကတာ၊ မန်ကျည်းတန်းနဲ့ ခြောက်တင်းကျ စတဲ့ကျေးရွာတွေက ဒေသခံပြည်သူ ၁၀,၀၀၀ ဝန်းကျင်ဟာ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
ပုံစာ – ဒီကနေ့ အာဏာသိမ်းစစ်တပ်ရဲ့ သတ်ဖြတ်မှုကိုခံခဲ့ရသူတွေရဲ့ ရုပ်အလောင်း
ဓါတ်ပုံ – Supplied
#Dailynews

