ပအိုဝ်းဒေသ – ၂၀၂၃ ဧပြီ ၂၀ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်လက်အောက်ခံ ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ PNO/PNA က စစ်ရေးအတွက်ကောက်ခံနေတဲ့ ဆက်ကြေးဟာ ကျပ်တစ်သိန်းထိရှိလာကြောင်း ဒေသခံတွေဆီက သိရပါတယ်။
အထူးဒေသ ၆ တခွင်လုံးမှာ PNO/PNA က ဒေသခံတွေဆီကနေ အခုလိုဆက်ကြေးကောက်ခံနေတာ ၂၀၂၂ နှစ်ဆန်းပိုင်းကတည်းကပါ။
“ညှိနှိုင်းမှုအပေါ်မူတည်ပြီး ပမာဏကွာသွားတယ်၊ မပေးချင်ရင် ၊ မပေးနိုင်ရင် စစ်ထဲဝင်ရမယ်ဆိုတဲ့ ပုံစံမျိုးရှိတယ်”လို့ ဒေသခံက မော်ကွန်းကိုပြောပါတယ်။
PNO/PNA ရဲ့ ဆက်ကြေးကောက်ခံတဲ့အခါ ကျည်ဆန်ဖိုး၊ နယ်မြေလုံခြုံရေး၊ ပြည်သူ့စစ်အတွက် ရေဖိုး၊ စစ်ရှောင်တွေအတွက်ဆိုတဲ့ ခေါင်းစဉ်အမျိုးမျိုးနဲ့ အနိမ့်ဆုံး ကျပ် ၅၀,၀၀၀ ကနေ တစ်သိန်းထိကောက်ခံနေပြီး မပေးနိုင်တဲ့သူတွေများလို့ ဒေသခံတွေ စိတ်ညစ်နေရတယ်လို့ သူကပြောပါတယ်။
“အဲဒါအပါအဝင် စစ်ရှောင်ကူညီထောက်ပံ့ဖို့ဆိုပြီး နှစ်သောင်းကောက်တာလည်းရှိသေးတယ်”လို့ ဒေသခံကပြောပါတယ်။
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် PNO/PNA ကို ခေါင်းဆောင်တဲ့ ဦးအောင်ခမ်းထီဟာ ၁၉၉၁ မှာ စစ်အစိုးရနဲ့ ငြိမ်းချမ်းရေးယူပြီး အထူးဒေသ ၆ ကို အုပ်ချုပ်ခွင့်ရခဲ့ကာ နာမည်ကြီး သတ္တုတူးဖော်ရေးကုမ္ပဏီဖြစ်တဲ့ ပတ္တမြားနဂါးကို တည်ထောင်ပြီး ကျောက်မျက်ရတနာတူးဖော်ခွင့်အပါအဝင် စီးပွားရေးလုပ်ငန်းမျိုးစုံလုပ်ကိုင်ခွင့် အခွင့်အရေးတွေကိုရရှိခဲ့ပါတယ်။
စစ်အစိုးရနဲ့ငြိမ်းချမ်းရေးယူပြီး ဌာနေအသွင်ပြောင်းပြည်သူ့စစ်ဖြစ်လာတဲ့ PNO/PNA ဟာ အထူးဒေသ ၆ တစ်ခုတင်မကဘဲ အရပ်သားလက်ထက်မှာ ပါတီထောင်၊ ရွေးကောက်ပွဲဝင်ကာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကိုပါ ဦးစီးခွင့်ရလာခဲ့တာပါ။
နွေဦးတော်လှန်ရေးမှာ PNO/PNA ဟာ အာဏာသိမ်းစစ်တပ်ရဲ့ လက်ကိုင်တုတ်ဖြစ်လာပြီး စစ်ရေးအကြောင်းပြပြီး ဒေသခံပြည်သူတွေကို စစ်သားစုဆောင်းတာ၊ ဆက်ကြေးကောက်ခံတာတွေပြုလုပ်လာပါတယ်။
“လွိုင်လင်မြို့နယ်ကတော့ စစ်သားစုဆောင်းနေတယ်၊ ပိုက်ဆံပေးလည်းမရဘူးတဲ့လေ၊ တစ်ရွာကို တစ်လ တစ်ဦးနှုန်းသွားနေရတယ်။ မသွားချင်ကြတော့ မဲနှိုက်ကြရတယ်၊ နံပတ်စဉ်အလိုက်သွားရတာပဲ၊ တချို့နေရာတွေ တစ်ရွာကို ၁၀ ဦးနှုန်းလည်းကြားနေရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
အခုစစ်သားစုဆောင်းနေတာဟာ စစ်သင်တန်းတက်ဖို့မဟုတ်ဘဲ အာဏာသိမ်းစစ်တပ်အတွက် လူစုဆောင်းပေးနေတာဖြစ်ကြောင်း ဒေသခံကပြောပါတယ်။
ဆက်ကြေးကောက်ခံတဲ့ နှုန်းထားတွေမြင့်မားတာကြောင့် ဆင်းရဲနွမ်းပါးသူများတဲ့ ပအိုဝ်းဒေသခံတွေဟာ ငွေချေးပြီးပေးကြရကာ တစ်သိန်းမထည့်နိုင်သေးသူတွေအနေနဲ့ ခွဲထည့်ကြရကြောင်း ဒေသခံကပြောပါတယ်။
ပအိုဝ်းပြည်သူ့စစ်လော်ဘီတွေရဲ့ ပြောကြားမှုတွေမှာ ပအိုဝ်းဒေသခံတွေဟာ ခုလိုငွေကြေးထည့်ဝင်ရတဲ့အပေါ်ကြည်ဖြူကြတယ်လို့ပြောနေကြပေမယ့် မြေပြင်မှာတော့ ပြည်သူတွေ ဒုက္ခရောက်နေကြပြီလို့ ဒေသခံကဆိုပါတယ်။
“အခုက PNA အစည်းအဝေးလုပ်မှာကို ကြောက်နေရတဲ့ ပအိုဝ်းပြည်သူဘဝဖြစ်နေပြီ၊ အစည်းအဝေးပြီးရင် ပိုက်ဆံကောက်လို့၊ ပြီးတော့ ကင်းမစောင့်ချင်လည်း စောင့်ရတယ်၊ ပိုက်ဆံမထည့်ချင်လည်းထည့်ရတယ်၊ စစ်ထဲမသွားချင်လည်းသွားရတယ်” လို့ ဒေသခံကပြောပါတယ်။
ဘိန်းအပါအဝင် စိုက်ပျိုးရေးအများစုလုပ်ကြတဲ့ ပအိုဝ်းလူမျိုးတွေအနေနဲ့ ခေတ်မကောင်းတဲ့အခါ မြေဩဇာဈေးတက်တဲ့အပြင် သီးနှံဈေးကွက်တွေမကောင်းတာတွေကို PNO/PNA ကမငဲ့ကွက်ဘဲ ပြည်သူဆီကသာ ရယူဖို့ပဲသိတယ်လို့ ဒေသခံကပြောပါတယ်။
PNO/PNA ဌာနေအသွင်ပြောင်းပြည်သူ့စစ်ဟာ လတ်တလောမှာ ဒေသကာကွယ်ရေးအတွက်အကြောင်းပြပြီး စစ်သင်တန်းပေးတာ၊ စစ်သားစုဆောင်းတာ၊ ဆက်ကြေးကောက်တာတွေအပြင် အာဏာသိမ်းစစ်တပ်ဘက်ကနေ တော်လှန်ရေးတပ်ဖွဲ့တွေကိုပါ တိုက်ခိုက်ဖို့ပြင်ဆင်လာတာတွေထိရှိလာနေပါတယ်။
ပုံစာ – ၂၀၂၃ ဇန်နဝါရီက အာဏာသိမ်းအကြမ်းဖက်စစ်ခေါင်းဆောင်က PNO ဥက္ကဌအား ဝဏ္ဏကျော်ထင်ဘွဲ့ပေးအပ်ရာ PNO ဥက္ကဌ ဦးအောင်ခမ်းထီ၏ သားဖြစ်သူက ကိုယ်စားဆုယူစဉ်
ဓါတ်ပုံ – အာဏာသိမ်းစစ်တပ်
#Dailynews

