ရန်ကုန် – ၂၀၂၃ ဧပြီ ၃ (မော်ကွန်း)
ကုမ္ပဏီလုပ်ငန်း ဒါရိုက်တာစာရင်းမှာပါတဲ့သူတွေဟာ စစ်ကောင်စီရဲ့ ရဲစခန်းတွေမှာ ရဲစခန်းထောက်ခံစာပြုလုပ်ရမယ်လို့ စစ်ကောင်စီက ယခုလ ၁ ရက်က ညွှန်ကြားထားပါတယ်။
ကုမ္ပဏီတွေအနေနဲ့ မှတ်ပုံတင်ပြီး နှစ်လအတွင်း နှစ်စဉ်အစီရင်ခံစာတင်ပြရာမှာ ကုမ္ပဏီတွေရဲ့ ဒါရိုက်တာတွေဟာ ပြစ်မှုကင်းရှင်းကြောင်း ရဲစခန်းထောက်ခံချက်နဲ့ တင်ရမယ်လို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) က ဧပြီ ၁ ရက် ရက်စွဲနဲ့ညွှန်ကြားထားတာပါ။
“ကုမ္ပဏီ ဒါရိုက်တာတွေ တည်ဆဲဥပဒေပေါ့၊ အဲ့ဒါတွေလိုက်နာမှုရှိ၊ မရှိ။ ပြီးတော့ PDF တို့ NUG တို့နဲ့ ဆက်စပ်မှုရှိလား၊ အကြမ်းဖက်မှုနဲ့ ငြိတာတွေရှိလား စစ်ဆေးမလို့ထင်တယ်။ ရဲစခန်းထောက်ခံစာတွေ အကုန်တင်ရမယ်ပြောတယ်” လို့ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ကုမ္ပဏီတွေ၊ ဒါရိုက်တာတွေ၊ ပါဝင်သူတွေအနေနဲ့ သက်ဆိုင်ရာ တည်ဆဲဥပဒေတွေကို လိုက်နာမှုရှိမရှိ စိစစ်နိုင်ရေးနဲ့ ငွေကြေးခဝါချမှု၊ အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွေ ပါဝင်ပတ်သက်မှု မရှိစေရေးအတွက် အခုလို ထုတ်ပြန်ရခြင်းဖြစ်တယ်လို့ DICA ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ယခင်က ကုမ္ပဏီအစီရင်ခံစာတွေ တင်ပြရာမှာ ရဲစခန်းထောက်ခံစာတောင်းခံတာမရှိခဲ့ဘဲ ယခု ဧပြီမှ စတင်တောင်းခံလာခြင်းဖြစ်တယ်လို့ သိရပါတယ်။
“အရင်က ဒါရိုက်တာနေရာမှာ မှတ်ပုံတင်နံပါတ်လောက်ပဲ ထည့်ရင်ရတယ်။ အခုမှ ရဲစခန်းထောက်ခံစာပါတောင်းလာတာပေါ့။ အချို့တွေလည်း အခက်အခဲတွေရှိတာပေါ့၊ ဒီကာလကြီး ရဲစခန်းသွားလုပ်ဖို့လည်း အဆင်မပြေဘူးလေ” လို့ လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။
ထို့ပြင် ကုမ္ပဏီဒါရိုက်တာ တစ်ဦးချင်းစီအတွက် နိုင်ငံသားစိစစ်ရေးကတ်မိတ္တူနဲ့ နေရပ်လိပ်စာမှာ အမှန်တကယ်နေထိုင်ကြောင်း သက်ဆိုင်ရာမြို့နယ် ရဲတပ်ဖွဲ့ထောက်ခံချက်ကို ပူးတွဲတင်ရမှာလို့လည်းဆိုပါတယ်။
နိုင်ငံခြားသားဒါရိုက်တာတွေအနေနဲ့တော့ “၁၉၄၈ ခုနှစ် နိုင်ငံခြားသားများ၊ မှတ်ပုံတင်ရေးစည်းကမ်းဥပဒေများ” အရ အထောက်အထားတွေ ပူးတွဲတင်ပြရမယ်လို့ ညွှန်ကြားထားပါတယ်။
ဒါ့အပြင် ကုမ္ပဏီမှတ်ပုံတင်စာရင်းမှာ ဖော်ပြထားတဲ့ ကုမ္ပဏီလိပ်စာဟာလည်း မြေပြင်မှာအမှန်တကယ်တည်ရှိကြောင်းနဲ့ ကုမ္ပဏီရုံးခန်းဖွင့်လှစ်ထားကြောင်း သက်ဆိုင်ရာမြို့နယ်ရဲတပ်ဖွဲ့ရဲ့ ထောက်ခံချက်ကိုလည်း တင်ပြရမည်ဟု DICA က ကြေညာထားတာပါ။
အဲ့ဒီအချက်တွေကိုလိုက်နာခြင်းမရှိတဲ့ နှစ်စဉ် အစီရင်ခံစာတင်ပြမှုတွေကို မြန်မာနိုင်ငံကုမ္ပဏီများဥပဒေအရ ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဆိုထားပါတယ်။
#Dailynews

