ထီးချိုင့် – ၂၀၂၃ မတ် ၃၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ထီးချိုင့်မြို့နယ် ညောင်ပင်သာရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့မနက် ၉:၀၀ ဝန်းကျင်မှာ စတင်မီးရှို့ခဲ့တယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
အင်အား ၇၀ ဝန်းကျင်ပါတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဟာ ကသာမြို့ကနေ သံခွန်မော်တော် နှစ်စီးနဲ့ မြစ်ကြောင်းအတိုင်းဆင်းလာပြီးနောက် ညောင်ပင်သာရွာကို ဝင်ရောက်မီးရှို့ခဲ့တာလို့ဒေသခံတစ်ဦးကဆိုပါတယ်။
“ရှို့ခံရတဲ့အိမ်အရေအတွက်များတယ်၊ ရွာလုံးကျွတ်လောက်မယ်ထင်တယ်၊ ခုထိမီးရှို့နေတုံး “လို့ ဒေသခံတစ်ဦးက မော်ကွန်းကိုပြောပါတယ်။
ညောင်ပင်သာရွာထဲမှာ အာဏာသိမ်းစစ်တပ်စစ်ကြောင်းရှိနေတာကြောင့် နေအိမ်ပျက်စီးမှုအခြေနေကိုမသိရသေးဘူးလို့ ဒေသခံကဆိုပါတယ်။
ထီးချိုင့်မြို့နယ်က ဆပ်ပြေးကျေးရွာလည်း မတ်လ ၂၈ ရက်နဲ့ ၂၉ရက်တွေက အာဏာသိမ်းစစ်တပ်ရဲ့မီးရှို့မှုကြောင့်နေအိမ် ၆၀ ကျော်မီးလောင်ပျက်စီးခဲ့ရပါတယ်။
Data for Myanmar ရဲ့ ၂၀၂၃ ဖေဖော်ဝါရီ ၂၈ နောက်ဆုံးတွက်ချက်မှုတွေအရ စစ်ကိုင်းတိုင်းမှာ အာဏာသိမ်းစစ်တပ်နဲ့အပေါင်းအပါတွေ မီးရှို့ခဲ့တဲ့ နေအိမ်အရေအတွက်ဟာ ၄၈,၀၀၀ နီးပါး ရှိနေပါတယ်။
ပုံစာ – မီးရှို့ခံနေရတဲ့ညောင်ပင်သာရွာ
ဓါတ်ပုံ – ဒေသခံ
#Dailynews

