ရန်ကုန်-၂၀၂၃ မတ် ၂၂ (မော်ကွန်း)
မန္တလေးမြို့၊ မန္တလေးဘီယာစက်ရုံအနီး လမ်း၈၀နဲ့ ၈လမ်းထောင့်က လက်ဖက်ရည်ဆိုင်မှာထိုင်နေတဲ့ ရာအိမ်မှူးနှစ်ယောက်ကို ဒီနေ့ မနက် ၈ နာရီခွဲဝန်းကျင်က ဆိုင်ကယ်မောင်းလာတဲ့လူတချို့လာရောက်ပစ်ခတ်ခဲ့ပြီး တစ်ဦးပွဲချင်းပြီးသေဆုံးသွားတယ်လို့ မန္တလေးမြို့ခံတွေကပြောပါတယ်။
“အကုန်ဝပ်နေ ဝပ်နေဆိုပြီး စိုးနိုင်တို့ကိုဝင်ပစ်တာ။ သူ့မိန်းမကိုတော့လုံးဝပစ်မသွားဘူး။ ဝင်းကိုလည်းပစ်ခံရတယ်”လို့ မျက်မြင်တွေ့ခဲ့သူတစ်ဦးကပြောပါတယ်။
ပစ်ခတ်ခံရတဲ့ရာအိမ်မှူးနှစ်ယောက်ဟာ အောင်မြေသာစံမြို့နယ်၊ ဥယျာဥ်ကုန်းရပ်ကွက်၊ အကွက် ၁၉ (က) ရာအိမ်မှူးစိုးနိုင်နဲ့ ၁၉ (ခ) ရာအိမ်မှူးဝင်းကိုတို့ ဖြစ်ပါတယ်။
၁၉(ခ) ရာအိမ်မှူး ဝင်းကိုက နေရာမှာတင်ပွဲချင်းပြီးသေဆုံးခဲ့ပြီး စိုးနိုင်ကလည်း သေနတ်ဒဏ်ရာအများအပြားရရှိထားတာကြောင့် သေဆုံးနိုင်ဖွယ်ရှိတယ်လို့ မျက်မြင်တွေ့သူတွေကဆိုပါတယ်။
အခုပစ်သတ်ခံခဲ့ရတဲ့ ရာအိမ်မှူးနှစ်ယောက်ဟာ အရင်အစိုးရလက်ထက်ကတည်းကရာအိမ်မှူးတာဝန်ယူခဲ့တာဖြစ်ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်ကောင်စီကိုသတင်းပေးတာကြောင့် လူပေါင်း ၅၀ ကျော်ဖမ်းဆီးခံခဲ့ရတယ်လို့ ဒေသခံတွေကဆိုကြပါတယ်။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကရပ်ကွက်တွေထဲကိုဝင်ရောက်ရှာဖွေမှုတွေပြုလုပ်နေပြီး လမ်းကိုလည်းပိတ်ဆို့စစ်ဆေးနေတယ်လို့သိရပါတယ်။
#Dailynews

