ရန်ကုန်-၂၀၂၃ မတ် ၂၂ (မော်ကွန်း)
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးကျေးရွာကို ကင်းထောက်သွားတဲ့ အလယ်ပိုင်းတိုင်း၊ ဒီးမော့ဆို အမှတ် ၁၁၀၂ PDF တပ်ရင်းကရဲဘော်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က တစ်ဦးသေကာ PDF တစ်ဦး ဒဏ်ရာရခဲ့တယ်လို့ တပ်ရင်း ပြန်ကြားရေးတာဝန်ရှိသူက မော်ကွန်းကိုပြောပါတယ်။
” စစ်ခွေးလှုပ်ရှားမှုအခြေနေသွားကင်းထောက်ရင်းနဲ့ စကားပြောစက်ကနေလှမ်းပြောတာ၊ သူတို့ကိုလည်းမြင်သွားတာပေါ့၊ အဲဒီမှာအထိတွေ့ နည်းနည်းလေးဖြစ်သွားတာ။ ကျွန်မတို့ရဲဘော်တစ်ယောက်တော့ လက်မှာဒဏ်ရာရသွားတယ်။ကုသမှုတော့ခံယူနေပါတယ်။ စစ်ကောင်စီဘက်ကတော့ တစ်ယောက်ကျသွားတယ်”လို့ သူကပြောပါတယ်။
တပ်ရင်း ၁၁၀၂က တပ်ဖွဲ့ဝင်ဟာ တံတောင်ဆစ်မှာ ကျည်ဆန်မှန်ပြီး အရိုးကြေမွဒဏ်ရာရသွားတာလို့ သူကဆိုပါတယ်။
ဒေါငံခါးရွာမှာ တပ်စွဲထားတဲ့စစ်ကောင်စီတပ်တွေနဲ့ ကရင်နီတော်လှန်ရေးအဖွဲ့တွေဟာ အခုလ ၂၀ ရက်ကလည်း ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး မကြာခဏစစ်ကြောင်းထိုးတာကြောင့် အနီးနားက ဒေသခံပြည်သူတွေသတိထားကြဖို့လည်း တပ်ရင်းရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီတပ်တွေက ဒေါငံခါးရွာမှာ မနှစ်ကမတ်လကတည်းက တပ်စွဲထားတာကြောင့် စစ်နယ်မြေဖြစ်သွားပြီး ဒေါငံခါးရွာခံတွေ ထွက်ပြေးတိမ်းရှောင်နေရတာ နှစ်နှစ်နီးပါးရှိလာပြီလို့သူကဆိုပါတယ်။
၁၁၀၂ တပ်ရင်းဟာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က တပ်ရင်းတစ်ခုဖြစ်ပါတယ်။
#Dailynews

