ရန်ကုန်- ၂၀၂၃ မတ် ၁၇ (မော်ကွန်း)
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ တိုက်ပွဲတွေပြင်းထန်လာတာကြောင့် အရေပြားရောဂါကူးစက်ခံထားရတဲ့ စစ်ဘေးရှောင် ကလေးတွေကိုဆေးကုသဖို့ ဆေးဝါးအခက်အခဲဖြစ်နေတယ်လို့ စစ်ရှောင်အရေး ကူညီပေးနေတဲ့ Job for Kayah အဖွဲ့က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“ဆေးက တိုက်ပွဲအခြေအနေအရ လမ်းကြောင်းတွေပိတ်နေလို့ ဆေးရရှိဖို့ကခက်ခဲတယ်။ ရရှိဖို့အတွက်လည်းလုပ်နေတယ်။ ဒီရောဂါမှ မဟုတ်ဘူး။ တခြားရောဂါတွေ တခြားဖြစ်စဉ်တွေအတွက် ကုဖို့လည်းအဆင်မပြေဘူး။ ဆေးဝါးလုံလောက်မှုမရှိဘူး” လို့ သူကပြောပါတယ်။
အရေပြားရောဂါကူးစက်ခံထားရတဲ့ ကလေးတွေကို ဒီကနေ့ ဆရာဝန်တွေနဲ့ ဆေးအဖွဲ့တွေက ကုသမှုတွေလုပ်ပေးနေပြီး စိုးရိမ်စရာအခြေအနေမရှိဘူးလို့ သိရပါတယ်။
လက်ရှိအချိန်အထိ ကူးစက်ခံထားရသူ ၄၀ ကျော်ရှိပြီး လသားအရွယ်ကလေးငယ်အပါအဝင် လူကြီးတချို့လည်း ကူးစက်ခံထားရတယ်လို့ သူကဆိုပါတယ်။
“ဒီလိုမျိုးမကုသဘူး၊ ကလေးတွေကို တစ်ကိုယ်ရေသန့်ရှင်းရေးမလုပ်ဘူးဆိုရင် တခြားသော ကလေးတွေကိုပါကူးစက်နိုင်တယ်။ အဲ့ဒီအတွက် သူတို့ကို တစ်ကိုယ်ရေသန့်ရှင်းမှုလုပ်ဖို့ရှိမယ်။ တခြားကလေးတွေကိုမကူးဖို့အတွက် နေရာသီးသန့်ထားပေးတာမျိုးလုပ်ဖို့တော့ရှိမယ်ဗျ” လို့ သူကပြောပါတယ်။
အဲဒီစစ်ရှောင်ကလေးငယ်တွေဟာ ရေရှားပါးတာ၊ တစ်ကိုယ်ရေသန့်ရှင်းရေးမလုပ်နိုင်တာနဲ့ ရေမချိုးရတာတွေကြောင့် အရေပြားရောဂါကူးစက်ခံရတာဖြစ်တယ်လို့ သူကပြောပါတယ်။
ကရင်နီပြည်နယ်ထဲမှာ စစ်ကောင်စီတပ်တွေနဲ့ ကာကွယ်ရေးအဖွဲ့တွေတိုက်ပွဲပြင်းထန်တာကြောင့် စစ်ရှောင်ဦးရေတိုးလာနေပြီး ဆေးဝါးအပြင် စားနပ်ရိက္ခာတွေလည်း အရေးပေါ်လိုအပ်နေတယ်လို့ သိရပါတယ်။
Photo -Job for Kayah
#Dailynews

