မတ္တရာ – ၂၀၂၃ မတ် ၁၉ (မော်ကွန်း)
မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ ရွှေခဲပြန်ရွာကို အာဏာသိမ်းစစ်တပ်ဝင်ရောက်လာပြီးနောက် မနေ့က ရွာထဲမှာ မီးရှို့သတ်ခံထားရတဲ့ အမျိုးသမီးတစ်ဦးရဲ့အလောင်းကိုတွေ့ခဲ့ရတယ်လို့ ဗိုလ်ကျားကြီးအဖွဲ့ဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၁၇ရက်က အိုင့်ဒိုင်ကျေးရွာ၊ ရွှေခဲပြန်ကျေးရွာနဲ့ မယ်ဇလီချောင်ကျေးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာပြီးနောက် မနေ့က ပြန်ထွက်သွားချိန်မှာအလောင်းကိုတွေ့ခဲ့ရတာလို့ ဗိုလ်ကျားကြီးကပြောပါတယ်။
” သူတို့ရွာတွေထဲကိုရှင်းလင်းရေးဝင်တာ၊ ဝင်ပြီးတော့ပြည်သူတွေနေအိမ်တွေလည်းရိုက်ဖျက်ထားခဲ့တယ်၊ ရွှေခဲပြန်ရွာကအမျိုးသမီးတစ်ဦးကို စော်ကားပြီး သတ်ဖြတ်ထားခဲ့တာ၊ဗိုက်တွေမှာလည်းမီးရှို့ထားတယ်”လို့ဗိုလ်ကျားကြီးကပြောပါတယ်။
တွေ့ရှိရချိန်မှာ သေဆုံးသူအမျိုးသမီးရဲ့ အဝတ်အစားတွေဟာ ဖရိုဖရဲဖြစ်နေပြီး မျက်နှာနဲ့ ရင်ဘတ်တွေမှာမှာလည်း ကုတ်ခြစ်ထားတဲ့ဒဏ်ရာတွေလည်းတွေ့ရတာကြောင့် မသတ်ခင်မှာ အဓမ္မပြုကျင့်ခဲ့တာဖြစ်နိုင်တယ်လို့ သူကပြောပါတယ်။
အသတ်ခံရသူဟာ အသက် ၃၀အရွယ်ရှိပြီး စစ်ကြောင်းဝင်လာချိန်် နေအိမ်မှာထမင်းအိုးတည်ခဲ့ပြီး မီးမပိတ်ခဲ့ရတာကြောင့်ပြန်လာချိန်မှာ အာဏာသိမ်းစစ်တပ်ကဖမ်းမိသွားခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)ရဲ့ ထုတ်ပြန်ချက်အရ အာဏာသိမ်းစစ်တပ်လက်ချက်ကြောင့် နွေဦးတော်လှန်ရေးမှာ သေဆုံးခဲ့ရသူ အနည်းဆုံး ၃,၁၅၀ နီးပါးရှိလာပါပြီ။
ကျေးရွာတွေထဲကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ပါအာဏာသိမ်းစစ်တပ်စစ်ကြောင်းကိုမတ်လ ၁၇ရက်နေ့မှာ ဗိုလ်ကျားကြီးတို့အဖွဲ့ကတိုက်ခိုက်ခဲ့ပြီး စစ်တပ်ဘက်ကကျဆုံးသူတွေကို စက်လှေနဲ့သယ်ဆောင်သွားခဲ့ပါတယ်။
ပုံစာ – အသတ်ခံရသူအမျိုးသမီး
ဓာတ်ပုံ – ဗိုလ်ကျားကြီးအဖွဲ့
#Dailynews

