ရန်ကုန်- ၂၀၂၃ မတ် ၁၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ထဲမှာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးနဲ့ ချင်းအမျိုးသားကာကွယ်ရေးတပ်ဖွဲ့ CNO/CNDF ရဲ့တပ်ဖွဲ့ဝင်နှစ်ဦး မနေ့ကမနက်ပိုင်းက စစ်ကောင်စီတပ်တွေရဲ့ သတ်ဖြတ်ခြင်းခံလိုက်ရတယ်လို့ CNDF က တာဝန်ရှိသူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
“ကျွန်တော်တို့ CNDF ကရဲဘော်သုံးယောက်ကို မစ်ရှင်တစ်ခုလုပ်ခိုင်းတယ် အဲဒီ့ဘက်မှာ၊ ခရီးသွားခိုင်းတယ်။ ခရီးသွားပြီးပြန်အလာမှာ ဘုတလင်နဲ့ရွှေဘိုကြား ဇရပ်လေးမှာ ပင်ပန်းတယ်ဆိုပြီးခဏနားကြာတာ၊ သိပ်မကြာဘူး ဇရပ်ကို စစ်ကောင်စီတပ်တွေက လာဝိုင်းပြီးပစ်သွားတာ။
ကျွန်တော်တို့ဆီက နှစ်ယောက်ရယ်၊ PDF တစ်ယောက်ရယ် သုံးယောက် အဲ့နေရာမှာ ချက်ချင်းပစ်သတ်ခံရတယ်။ ရုပ်အလောင်းတွေတော့ ကျွန်တော်တို့ပြန်ယူနိုင်ပါတယ်” လို့ CNDF တာဝန်ရှိသူကပြောပါတယ်။
စစ်ကောင်စီတပ်တွေလာရောက်ပစ်ခတ်ချိန်မှာ CNDF ရဲဘော်တစ်ဦးက အခြားတစ်နေရာရောက်နေတဲ့အတွက်လွတ်မြောက်သွားတယ်လို့ သူကပြောပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ CNDF ရဲဘော်နှစ်ဦးဟာ ဆလိုင်းဟာခွီအမ်(ခ) ဇာနည်အောင် အသက်၂၀၊ ဆလိုင်းဒေးဗစ်လာလ်တန်လျန် ၂၁ နှစ်တို့ဖြစ်ပြီး ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးကတော့ဘယ်အဖွဲ့ကလည်းဆိုတာ မသိရသေးပါဘူး။
ရုပ်အလောင်းတွေကိုတော့ ကောင်းမွန်စွာ သင်္ဂြိုလ်ပြီးပြီလို့ ဆိုပါတယ်။
စစ်ကောင်စီဝါဒဖြန့်ချန်နယ်တွေမှာတော့ မနေ့က မနက် ၆ နာရီဝန်းကျင် ဘုတလင်မြို့နယ် ပဲပစ်တောကျေးရွာအနီးမှာ သွားရောက်ရှင်းလင်းခဲ့တာလို့ဖော်ပြထားပြီး အလောင်းသုံးလောင်းနဲ့ စနိုက်ပါသေနတ်တစ်လက်၊ ကျည်မျိုးစုံအတောင့် ငါးရာ သိမ်းဆည်းရခဲ့တယ်လို့ ဖော်ပြထားပါတယ်။
#Dailynews

