“ဗမာအချင်းချင်းဖြစ်တဲ့ကိစ္စဖြစ်တယ်၊ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အယူအဆမျိုးကိုတော့ ပြောင်းလဲဖို့လိုအပ်လိမ့်မယ်”

“ဗမာအချင်းချင်းဖြစ်တဲ့ကိစ္စဖြစ်တယ်၊ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အယူအဆမျိုးကိုတော့ ပြောင်းလဲဖို့လိုအပ်လိမ့်မယ်”

ရန်ကုန် – ၂၀၂၃ မတ် ၁၅ (မော်ကွန်း)

အခုလ ၁၁ ရက်က ရှမ်းပြည်တောင်ပိုင်း၊ ရှမ်းကယားနယ်စပ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိန်းကျေးရွာက သံဃာသုံးပါးနဲ့ အရပ်သား ၁၉ ဦးကို အာဏာသိမ်းအကြမ်းဖက်စစ်တပ်က အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့တဲ့အပေါ်နဲ့ အာဏာသိမ်းစစ်တပ်ဩဇာခံ ပအိုဝ်းဌာနေအသွင်ပြောင်းပြည်သူ့စစ် (PNO/PNA) ရဲ့ ‌အခြေအနေတွေကို ပအိုဝ်းလူမျိုးကိုယ်စားပြုအဖွဲ့အစည်းကြီးတစ်ခုဖြစ်တဲ့ ပအိုဝ်းလူငယ်အစည်းအရုံး(PYO) ဥက္ကဋ္ဌ ခွန်ဦးနဲ့ မော်ကွန်းကဆက်သွယ်မေးမြန်းထားပါတယ်။

မေး – ပင်လောင်းမှာ အာဏာသိမ်းစစ်တပ်က လုပ်သွားတဲ့လူသတ်မှုကို တောင်ကြီးမှာ ပအိုဝ်းဒေသခံပြည်သူတွေကိုခေါ်ပြီး ဆန္ဒပြခိုင်းတယ်ဆိုပြီး သတင်းတွေတက်လာတယ်၊ မီဒီယာတချို့ကတော့ တစ်အိမ်ကိုတစ်ယောက်မတက်မနေရဆိုပြီး PNO ဘက်ကနေပြီး စေခိုင်းတာမျိုးရှိတယ်လို့ ကျွန်တော်တို့ သိရတယ်၊ သူတို့လုပ်ရပ်ဟာ ပြည်သူတွေကို အသုံးချနေတဲ့ပုံမျိုးဖြစ်နေမလား PYO ဘက်က ဘယ်လိုမျိုးမှတ်ချက်ပေးချင်လဲ။

ဖြေ – ဒီဟာက ပုံစံအသစ်တော့မဟုတ်ပါဘူး၊ ပုံစံအဟောင်းထဲက ပုံစံတစ်ခုပါပဲ။ အရင်တုန်းကဆိုလည်း စစ်ကောင်စီဘက်ကပြောပြော၊ တပ်ဘက်ကပြောပြော သူတို့အနေနဲ့ ဝါဒဖြန့်ခြင်းကိစ္စတွေ၊ သူတို့အခြေအနေမဟန်တော့ဘူးဆိုရင် ပအိုဝ်းပြည်သူတွေကို အသွင်ပြောင်းပြည်သူ့စစ်(PNA)ကနေ တစ်ဆင့်ခံပြီးတော့မှပဲ အရင်တုန်းက တပ်ထောက်ခံပွဲတွေတောင်လုပ်ခဲ့ကြတာပဲ။

တစ်နိုင်ငံလုံးအတိုင်းအတာက တပ်ကိုဆန့်ကျင်နေတဲ့အခြေအနေမှာ ထောက်ခံပွဲတွေလည်း အသွင်ပြောင်းပြည်သူ့စစ်ကိုသုံးပြီးတော့ ပအိုဝ်းကို လုပ်ခိုင်းတာလည်းရှိတယ်ပေါ့။ ဒီဟာလည်း ထိုနည်းလည်းကောင်းပဲ စစ်ကောင်စီဘက်က ချိုးဖောက်မှုတွေကို ဖုံးကွယ်နိုင်ဖို့ ပအိုဝ်းပဲပြောပြော၊ တခြားသောပြည်သူ့စစ်ပဲပြောပြော ပူးပေါင်းတဲ့သူတွေနဲ့ ပြန်ပြီးအသုံးချတာပဲ။

ဒီဟာတွေက ဒီအာဏာရှင်တွေရဲ့ သက်ဆိုးရှည်ဖို့သူတို့လုပ်နေကျဗျူဟာတွေထဲက နည်းလမ်းတစ်ခုပါပဲ၊ အခုမှ အထူးအဆန်းကြီးထလုပ်တာတော့မဟုတ်ပါဘူး။ တောက်လျှောက်လူထုတွေအပေါ်မှာ အသုံးချလာခဲ့တာလည်း ကြာခဲ့ပြီ။

မေး – ကျွန်တော်တို့တွေ တောင်ကြီး၊ ဆီဆိုင်၊ ဆိုက်ခေါင်တကြောကို ရောက်ခဲ့ပါတယ်၊ အဲဒီမှာ ဒေသတွင်းနိုင်ငံရေးလုပ်ဆောင်သူတွေ၊ ပြည်သူတွေနဲ့တွေ့ခဲ့တယ်။ အဲဒီမှာ ပအိုဝ်းပြည်သူတွေက PNO/PNA (ဌာနေအသွင်ပြောင်းပြည်သူ့စစ်)ကို သူတို့အနေနဲ့ ယုံကြည်မှုရှိနေတဲ့ အပိုင်းတွေရှိတယ်။ တချို့ကကြောက်တယ်၊ တချို့က တကယ်ယုံကြည်ကြတာ၊ ယုံကြည်အားကိုးတဲ့ပုံစံ၊ အဲဒီလိုမျိုး ပြည်သူလူထုက ဒီအဖွဲ့အစည်းတွေအပေါ်ကို ဘာကြောင့် ယုံကြည်အားကိုးနေတာလဲ။

ဖြေ – ပြောရမယ်ဆိုရင် ဒီဟာက ‌ပဒေသရာဇ်စနစ်ရဲ့ သက်ဆိုးတစ်ခုလို့ပြောရမယ်။ အခုမှဖြစ်လာတဲ့ဟာမျိုးမဟုတ်ဘူး၊ ဒီလိုတောက်လျှောက်ပေါ့၊ ပအိုဝ်းမှာ နှစ်ခုရှိတယ်၊ ပထမက သူအားကိုးယုံကြည်ရာကို ရှာတဲ့အခါကျတော့ ဘာသာရေးအပေါ်မှာ ယုံကြည်ကြတယ်၊ ဗုဒ္ဓဘာသာတွေလည်းဖြစ်တယ်၊ ဘာသာရေးကိုကိုင်းရှိုင်းကြတယ်၊ ယုံကြည်မှုအဲဒီအပေါ်မှာ ပုံအပ်ကြတယ်။ ဒုတိယတစ်ခုက ခေါင်းဆောင်ကို မျှော်လင့်စောင့်စားနေတဲ့ ယုံကြည်မှုပေါ့နော်။ အဲ့အချိန်မှာ အရင်တုန်းကဆိုရင် ဖြားခွန်လှဖေ(KNU ဒုဥက္ကဋ္ဌဟောင်း)ဆိုတာက ပအိုဝ်းတော်လှန်ရေးသမိုင်းမှာဆိုရင် သူ့ကိုတော့ ယုံကြည်မှုပေးခဲ့ကြတယ်၊ အားကိုးခဲ့ကြတယ်ပေါ့။ အဲဒီမတိုင်ခင်မှာတော့ ခွန်မနုဟာဆိုတာကတော့ ပအိုဝ်း-ကရင်ပေါ့ ဗျာ၊ ယုံကြည်အားကိုးစိတ်တွေလည်းရှိခဲ့ကြတယ်။ အဲဒီအခြေအနေမျိုးက လက်ရှိအထိ PNO ၁၉၉၁ က ငြိမ်းချမ်းရေးယူပြီးတဲ့နောက်မှာ အဲဒီမတိုင်ခင်ကဆို ပအိုဝ်းဒေသတွေဟာ အနက်ရောင်နယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ကာလတွေရှိခဲ့တယ်။ စစ်ဘေးစစ်ဒဏ်ခံခဲ့ရတဲ့နေရာတွေလည်းဖြစ်တယ်။ အကြောက်တရားတွေလည်းဖုံးလွှမ်းခဲ့တယ်။

နောက်ပိုင်း ၁၉၉၁ က ငြိမ်းချမ်းရေးယူတယ်ဆိုတဲ့နောက်မှာတော့ နေရာဒေသတချို့မှာတော့ သေနတ်သံတွေငြိမ်သွားတယ်။ အဲဒီဟာကိုအခြေခံပြီးတော့မှပဲ PNO ဦးအောင်ခမ်းထီက လောလောဆယ် ဘုရင်တစ်ပါးလို ယုံကြည်တဲ့သူလည်းရှိတယ်။ သူ(ဦးအောင်ခမ်းထီ)ကလည်း ဒီဘာသာရေးကိုပဲ အခြေခံပြီးတော့ပဲ စစ်ကောင်စီနဲ့ပူးပေါင်းပြီးတော့ စီးပွားရေးလုပ်တာကတစ်ပိုင်း။ ဆိုတော့ ပြီးခဲ့တဲ့မျိုးဆက်တွေ တော်တော်များများက အကြောက်တရားတွေ၊ ဖိနှိပ်မှုတွေကနေ အားကိုးရာကိုမျှော်လင့်တဲ့ စိတ်ခံစားချက်တွေနဲ့ကြောင့်မို့ PNO အပေါ်မှာ တချို့ကတော့ အားကိုးတဲ့အခြေအနေမျိုးတော့ရှိတယ်။ နောက်ပိုင်း သတင်းမီဒီယာပွင့်လင်းလာတဲ့ခေတ်၊ သတင်းအချက်အလက်ရလာတဲ့ခေတ်မှာ NLD အစိုးရတက်လာပြီး တချို့နေရာတွေမှာတော့ နိုးကြားမှုတွေကတော့ ပိုများလာတာကတော့ တွေ့ရတယ်။ ဒီလိုအကြောက်တရားနဲ့ဖိနှိပ်ပြီး လူထုတွေအပေါ် အမြတ်ထုတ်နေတဲ့ကိစ္စရပ်တွေဟာ မဖြစ်သင့်ဘူးဆိုတဲ့အယူအဆနဲ့ ပေါက်ဖွားလာတဲ့အင်အားစုတွေလည်းအများကြီးရှိတယ်။

မေး – ကျွန်တော်တို့ ပအိုဝ်းဒေသရောက်ချိန်မှာ PNO ကနေ စစ်သားစုဆောင်းတာ၊ တစ်အိမ်ကို သုံးသောင်း မပေးမနေရ၊ စစ်ရေးအတွက်တောင်းတာတွေရှိတယ်။ နယ်မြေအနေအထားအရကြည့်မယ်ဆိုရင် ပင်လောင်းဆိုတာက နေပြည်တော်ကို ကာပေးထားတဲ့နေရာတစ်ခုဖြစ်နေတော့ ဒီဘက်ကတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ PNO/PNA နဲ့က ထိတွေ့မှုဖြစ်လာပြီဆိုတော့ နောက်ပိုင်းဆို ဘယ်အခြေအနေမျိုးထိဖြစ်လာနိုင်မလဲ။

ဖြေ – အစတုန်းက လမ်းစဉ်သုံးခုရှိတာကိုး၊ တိုက်မလား၊ ပေါင်းမလား၊ ကိုယ့်ဟာကိုယ် သိုသိုသိပ်သိပ်နေမလားပေါ့။ ခုက ကိုယ့်ဟာကိုယ်ပဲနေမယ်၊ တိုက်လည်းမတိုက်ဘူး၊ ပေါင်းလည်းမပေါင်းဘူးဆိုတဲ့အင်အားစုတွေကတော့ ဒီတိုင်းနေလို့မရတော့ဘူး။ ပေါင်းမလား၊ တိုက်မလားဆိုရင် ကျဉ်းထဲ ကျပ်ထဲတစ်ခုတော့ရောက်လာပြီ။

အဲဒီတော့ ဒီမှာ တကယ်လို့ PNO ဘက်ကလည်း စကစကို ပေါင်းမယ်ဆိုတဲ့လမ်းစဉ်ကို ရောက်လာမယ်ဆိုရင်တော့ ဒီပဋိပက္ခက ပိုပြီးဆိုးရွားနိုင်မယ်လို့တော့မြင်တယ်။ တကယ်လို့ စကစဘက်ကိုမပေါင်းဘူး၊ ဒီတော်လှန်ရေးအင်အားစုတွေနဲ့ ဆွေးနွေးတိုင်ပင်မှုတွေလုပ်ပြီးတော့ သွားမယ်၊ ဘက်ပြောင်းသွားမယ်ဆိုရင် ဒီအခြေအနေက သက်သာမယ်လို့တော့မြင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စကစကိုယ်တိုင်က အင်အားချိနဲ့လာတယ်၊ အဲဒီတော့ ရှိသမျှလူအင်အားတွေ သုံးတော့မှာပဲ။ တကယ်လို့ PNO ဘက်က ပအိုဝ်းဘက်လူငယ်တွေကို သုံးမယ်ဆိုရင်တော့ တော်လှန်ရေးအင်အားစုတွေက ဒီတိုင်းနေမှာမဟုတ်ဘူးလို့တော့ မြင်တယ်။

ဘာဖြစ်လာနိုင်မလဲဆိုတာကတော့ နှစ်ခု၊ ပထမတစ်ခုက စကစကတော့ သူ့တည်မြဲရေးအတွက်တော့ နည်းလမ်းပေါင်းစုံနဲ့ဆက်လုပ်သွားမှာပဲ။ သပ်လျှိုမယ်၊ စည်းရုံးမှုတွေလုပ်ပြီး အချင်းချင်းကြားမှာ သွေးခွဲမှုတွေဆက်လုပ်သွားမယ်၊ အကြမ်းဖက်ပုံစံမျိုးနဲ့နည်းလမ်းပေါင်းစုံလုပ်သွားဦးမှာပဲ။ အဲဒီဟာကို PNO ဘက်က ဒီအခြေအနေတွေကိုကြည့်ပြီးတော့ ငါတို့ဘက်ပြောင်းမှရလိမ့်မယ်ဆိုတာမျိုး သွားတယ်ဆိုရင် သူတို့အတွက်သက်သာမယ်၊ ပြည်သူ့အတွက်လည်းသက်သာမယ်။

သူတို့က စစ်ကောင်စီနဲ့ပဲ အာဏာတည်မြဲရေးအတွက် နည်းလမ်းပေါင်းစုံ ပူးပေါင်းပြီး အတိုက်အခံတွေကို ပြန်ပြီးတိုက်ခိုက်မယ်ဆိုရင်တော့ ရေရှည်မှာ ပြည်သူလူထုလည်း ပြန်နာမယ်၊ PNO ကလည်း ပိုပြီးတော့ အထိနာမယ်လို့မြင်တယ်။ ဘာလို့ဆို ချိန်ခွင်လျှာကြည့်မယ်ဆိုရင် စကစဘက်က အင်အားချိနဲ့လာတဲ့အတွက်ကြောင့်မို့ အဲဒီဟာကို PNO က အခွင့်ကောင်းယူပြီးတော့ တော်လှန်ရေးအင်အားစုဘက်ကို သူတို့ပူးပေါင်းမယ်ဆို အကျိုးအမြတ်ရနိုင်မယ်လို့မြင်တယ်။

မေး – ပအိုဝ်းဒေသမှာ PNO မဟုတ်တဲ့နောက်တစ်ဖွဲ့ PNLO/PNLA ပေါ့။ ဒီအဖွဲ့က လက်နက်ကိုင်အဖွဲ့လည်းဖြစ်တယ်၊ နွေဦးတော်လှန်ရေးမှာလည်း သူ့ရဲ့ လှုပ်ရှားမှု၊ ရပ်တည်ချက်ကို ပြတ်ပြတ်သားသားမတွေ့ရဘူး၊ သူ့အနေနဲ့ အခုအချိန်ဘယ်လိုနေရာမျိုးမှာရောက်နေလဲဆိုတာ သုံးသပ်ပေးပါဦး။

ဖြေ – ဘယ်ဘက်က အလေးသာလဲဆိုတာကတော့ မူတည်တယ်၊ တော်လှန်ရေးအင်အားစုဘက်က စည်းရုံးနိုင်တယ်ဆို သူပါကောင်းပါသွားနိုင်တယ်။ တကယ်လို့ စကစက စည်းရုံးနိုင်တယ်ဆို သူလည်းပါကောင်းပါသွားနိုင်တယ်။

ကျွန်တော်မြင််တာ သူ့အထဲမှာမှ တချို့သော ခေါင်းဆောင်တစ်ဦး၊ နှစ်ဦးကပဲ နေရင်နေချင်တာ။ ကျန်တဲ့အင်အားစုတွေကတော့ တော်လှန်တဲ့ဆန့်ကျင်တဲ့ဘက်ကနေ ရပ်တည်ချင်သွားကြတယ်၊ ဒါပေမဲ့သူတို့ကလည်း ချင့်ချိန်နေဆဲပဲပေါ့။ တကယ်လို့ သူတို့ကသာ ဝတပ်မတော်တို့နဲ့ ဆွေးနွေးတိုင်ပင်ပြီး အပြန်အလှန်အာမခံချက်တွေပေးသွားနိုင်တယ်ဆိုရင်တော့ တော်လှန်ရေးအင်အားစုထဲပြန်ရောက်သွားနိုင်လို့တော့ မြင်တယ်။

မေး – နွေဦးတော်လှန်ရေးမှာ ပအိုဝ်းတွေထဲကပေါက်ဖွားလာတဲ့ PNFC ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီပေါ့။ လက်ရှိမှာ သူကလည်း စစ်ဒေသတွေခွဲပြီး လှုပ်ရှားနေတယ်။ ဒီအဖွဲ့အပေါ်မှာရော တော်လှန်ရေးအရ ဘယ်လိုမြင်တာရှိလဲ။ ပြည်သူတွေကို ဒီအဖွဲ့နဲ့ပတ်သက်ပြီး ဘာများပြောချင်တာရှိလဲ။

ဖြေ – အာဏာရှင်စနစ်၊ စစ်အာဏာရှင်စနစ်၊ စစ်အာဏာသိမ်းတဲ့ ကိစ္စရပ်ပေါ်မှာ ပူးပေါင်းချင်တဲ့သူတွေရှိတယ်ဆိုရင်တော့ သူတို့ရဲ့လမ်းစဉ်ပေါ့ဗျာ။ ပြန်ပြီးဆန့်ကျင်တော်လှန်ချင်တယ်၊ အာဏာရှင်စနစ်ကိုမလိုလားဘူး။ စစ်အာဏာရှင်ကို ဆန့်ကျင်ချင်တယ်ဆိုရင်တော့ PNFC နဲ့ ချိတ်ဆက်မှုတွေ၊ ဆွေးနွေးတိုင်ပင်မှုတွေလုပ်သွားဖို့လိုမယ်လို့မြင်တယ်။ ဘာလို့လဲဆိုတော့ အဓိကအင်အားစုဖြစ်တဲ့ PNO က ပေါင်းမယ်ဆိုတဲ့လမ်းစဉ်ဆိုတာမျိုးတော့ တွေ့ခဲ့ရတယ်။ ရှေ့ဆက်မှာတော့မသိဘူး။
PNLO ကလည်း မပေါင်းဘူး၊ မတိုက်ဘူး ကိုယ့်ဟာကိုယ်ရနိုင်သလောက် ငြိမ်ငြိမ်လေးနေဦးမယ်ဆိုတဲ့ လမ်းစဉ်မျိုးမှာ ရပ်တည်နေတယ်။

အဲဒီတော့ အာဏာရှင်စနစ်မလိုလားတဲ့သူတွေ၊ စစ်ကောင်စီရဲ့ အာဏာသိမ်းတဲ့ကိစ္စရပ်ပေါ်မှာ အလိုမရှိတဲ့သူတွေ၊ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို တည်ထောင်ချင်တယ်။ တိုင်းရင်းသားတွေနဲ့အတူတူသွားချင်တယ်၊ ကိုယ့်အရေးရော ပြည်ထောင်စုအရေးရော PNFC ချိတ်ဆက်တိုင်ပင်ပြီီးသွားလို့ရတယ်လို့ သုံးသပ်ရှုမြင်ပါတယ်။

မေး – ခုနက PNO က ပေါင်းမယ်လို့ပြောတာ အာဏာသိမ်းစစ်တပ်ဘက်ကိုပြောတာလား။

ဖြေ – သူက ၁၉၉၁ က ငြိမ်းချမ်းရေးယူပြီးနောက်ပိုင်းမှာ ပြည်သူ့စစ်၊ ပြီးခဲ့တဲ့ လေးနှစ်ကဆို အသွင်ပြောင်းပြည်သူ့စစ်ဆိုပြီး ဖြစ်ခဲ့တယ်၊ အဓိကက စစ်ကောင်စီရဲ့ ဩဇာခံအဖွဲ့အစည်းဖြစ်သွားတယ်ပေါ့။ တော်တော်များများက ဒီအတိုင်းပါပဲ။ ဌာနေအသွင်ပြောင်းပြည်သူ့စစ်တွေ၊ ပြည်သူ့စစ်တွေက စစ်ကောင်စီနဲ့ စီးပွားရေးအရ အတူလက်တွဲအလုပ်လုပ်ကြရတယ်။ ပြီးတော့ စစ်ကောင်စီရဲ့ နိုင်ငံရေးအပိုင်းတွေကို ကွပ်ကဲမှုအောက်တွေမှာ သွားမယ်ဆိုတာမျိုးဖြစ်တယ်။

ဒီဟာကို ဒဲ့(တည့်) မင်းတို့ဟာ စစ်ကောင်စီရဲ့လက်အောက်ခံလို့ သွားပြောရင်လက်ခံမှာမဟုတ်ဘူး။ အုပ်ချုပ်မှုယန္တရားနဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ လက်တွေ့ ကြည့်တဲ့အခါကျရင် စစ်ကောင်စီရဲ့ ဩဇာခံလွှမ်းမိုးမှုအောက်မှာပဲ ရှိတဲ့အခါကျရင် စစ်ကောင်စီနဲ့သူတို့နဲ့တော့ အပြန်အလှန်ဆန့်ကျင်ပြီးသွားတာဆိုတာထက် ပူးပေါင်းမှုတွေ တိုးပြီးလုပ်ဆောင်သွားဖို့တော့မြင်တယ်။ ဒါကြောင့်သူတို့ဘက်ကို ပိုပြီးရပ်တယ်ပေါ့ အခြေအနေအရပေါ့။

မေး – အရှေ့မှာပြောသွားတဲ့အထဲမှာ PNO အနေနဲ့ တော်လှန်ရေးဘက်ကိုပေါင်းဖို့ စဉ်းစားမလားပေါ့၊ အဲဒီမေးခွန်းမှာဆိုရင် ကျွန်တော်တို့သိထားတာက PNO ရဲ့ နာယကတွေ၊ ခေါင်းဆောင်တွေ ၁၉၉၁ ငြိမ်းချမ်းရေးယူလိုက်တဲ့နောက်ပိုင်းမှာ အခွင့်အရေးတွေအများကြီးရတယ်။ အထူးသဖြင့် ပတ္တမြားနဂါး(ကျောက်မျက်တူးဖော်ရေးလုပ်ငန်း)လိုမျိုးတွေ၊ လုပ်ငန်းတွေ၊ လုပ်ပိုင်ခွင့်တွေအများကြီးရထားတော့ နွေဦးတော်လှန်ရေးဘက််ကိုပါနိုင်ဖွယ်ရာရှိပါဦးမလား။

ဖြေ – ထာဝရရန်သူ၊ ထာဝရမိတ်ဆွေဆိုတာကတော့ နိုင်ငံရေးမှာတော့မရှိဘူး။ ဒါပေမဲ့ ဒီအပေါ်မှာ လူထုရဲ့ဖိအားပေးမှု၊ ‌တကယ့်တောင်းဆိုချက်၊ မဟာမိတ်တွေရဲ့ဖိအား၊ ပြီးတော့မှ အာမခံချက်ပေးနိုင်တဲ့အခြေအနေတစ်ခုရောက်လာတယ်ဆိုရင်တော့ ‌အပြောင်းအလဲကတော့ရှိတတ်ကြပါတယ်။

ဒါကတော့ ယတိပြတ်ဆုံးဖြတ်လို့တော့မရဘူး၊ တော်လှန်ရေးရဲဘော်ရဲဘက်တွေတောင်မှ အခြေအနေအပေါ်မှာအခြေခံပြီးတော့ပဲ လွှဲပြောင်းသွားတဲ့သူတွေလည်းရှိတယ်။ ဆိုတော့ ဒီဟာက ထာဝရ PNO က ဒီအတိုင်းသွားမယ်လို့တော့ မထင်ဘူး။

ခုနက ဖိအားအခြေအနေမျိုးပေါ်မှာ မူတည်ပြီးတော့မှပဲ သူတို့ပြောင်းလဲကောင်းပြောင်းလဲနိုင်မယ်လို့တော့မြင်တယ်။ ဆိုတော့ ဒီလက်ရှိပကတိအခြေအနေအရကြည့်မယ်ဆိုရင်တော့ သူတို့ကလည်း ကျဉ်းထဲကျပ်ထဲရောက်နေတာ၊ အာမခံချက်ဘယ်သူကပေးနိုင်မှာလဲပေါ့။

အရေးကြီးတာက စစ်ကောင်စီကို ချိနဲ့သွားအောင် ဒီထက်ပိုပြီးလုပ်နိုင်ရင်တော့ PNO ကလည်း သူတို့ဟိုးအရင်က လက်စွဲခဲ့တဲ့ မူဝါဒက မိတ်ဆွေသာရှိရန်သူမရှိဆိုတဲ့ မူနဲ့ဆွဲကိုင်ခဲ့တာပေါ့။ ဒါပေမဲ့ စီးပွားရေးအရ သူတို့အချင်းချင်း လက်ဝါးချင်းရိုက်လုပ်တဲ့ဟာ အဲလိုလူမျိုးတွေကိုတော့ ပြန်ဖြုတ်ထားခဲ့ဖို့တော့ လိုတာပေါ့။ အဲဒီလိုစီးပွားရေးအကျိုးအမြတ်ရှိလို့ PNO ကို စစ်ကောင်စီကို ပူးပေါင်းဖို့ ပြန်ဆွဲယူတဲ့သူတွေလည်းရှိတယ်။ အဲဒီအထဲမှာ တချို့လူတွေက အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကွဲထွက်သွားတဲ့သူတွေလည်းရှိတယ်။ သဘောထားကွဲလွဲတဲ့သူတွေလည်းရှိတယ်ပေါ့။ ဆိုတော့ ယတိပြတ်မပြောနိုင်ဘူး။

သူတို့အနေနဲ့ အလုံးစုံမဟုတ်ဘူးဆိုရင်တောင်မှ တချို့ကတော့ နွေဦးတော်လှန်ရေးအတွက်ပဲပြောပြော၊ စစ်အာဏာရှင်ကို ဆန့်ကျင်တာပဲပြောပြော ပါလာချင်တဲ့သူတွေလည်းရှိတယ်။ ဒါပေမဲ့သူတို့မှာ ‌မလွန်ဆန်နိုင်တဲ့ အခြေအနေမျိုးတွေရှိတဲ့အတွက်ကြောင့်မို့ ငြိမ်ခံနေရသူတွေလည်းရှိတယ်။

ကျွန်တော့်အနေနဲ့ကတော့ PNO က ဘက်ပြောင်းမှာလား မပြောင်းဘူးလားဆိုတာက ခုနကပြောတဲ့ တစ်အချက်ကတော့ လူထုဖိအား၊ မီဒီယာတွေရဲ့ဖိအား၊ စစ်ကောင်စီကို ဒီထက်ချိနဲ့အောင်လုပ်နိုင်တယ်ဆိုရင်တော့ သူတို့တွေက ဒီတိုင်းတော့ဆက်နေမှာမဟုတ်ဘူးလို့တော့ မြင်တယ်ပေါ့။

မေး – ထပ်ပြီးဖြည့်စွက်ပြောချင်တာရှိရင်ပြောပေးပါဦး။

ဖြေ – ဒီအခြေအနေမှာလေ တချို့ကတော့ တိုင်းရင်းသားနေရာဒေသတချို့မှာ ဗမာအချင်းချင်းဖြစ်တဲ့ကိစ္စဖြစ်တယ်၊ ငါတို့နဲ့မဆိုင်ဘူးဆိုတဲ့ အယူအဆမျိုးကိုတော့ ပြောင်းလဲဖို့လိုအပ်လိမ့်မယ်လို့တော့ မြင်တယ်။

ဒါပုဂ္ဂိုလ်ချင်းဆိုတာထက် စနစ်ကိုပြောင်းလဲဖို့ဆိုတာက ကျွန်တော်တို့မျိုးဆက်အင်အားစုတွေက အတူတူလုပ်ကိုင်မှပဲ ပိုပြီးအရွေ့ရောက်နိုင်မယ်လို့တော့ မြင်တယ်။

ဒီတော်လှန်ရေးမှာ ကျွန်တော်တို့ဘက်က ကျရှုံးခဲ့တယ်ဆိုရင် နောက်ထပ်နာလန်ထူဖို့အတွက်က အရမ်းခက်ခဲသွားလိမ့်မယ်။ ဒီကာလမှာတော့ မတူညီတဲ့စဉ်းစားချက်တွေတော့ရှိလိမ့်မယ်၊ ဖက်ဒရယ်ပြည်ထောင်စုကို တည်ဆောက်ချင်တဲ့ပုံစံမတူတာမျိုးရှိလိမ့်မယ်။

ဒါပေမဲ့ ဒီအဟန့်အတားကြီးဖြစ်နေတဲ့ စစ်ကောင်စီအာဏာသိမ်းတဲ့ဖြစ်စဉ်၊ အာဏာရှင်ဆန်တဲ့ကိစ္စရပ်တွေမှာ အားလုံးဝိုင်းပြီးအတူတကွပူးပေါင်းဆောင်ရွက်ဖို့လိုလိမ့်မယ်ဆိုတာ သတင်းစကားပါးချင်တာပါပဲ။


 

#Interview

အမျိုးအစား - အင်တာဗျူး

"Myanmar Observer Media Group [MOMG] was founded in 2011 with aims to deeply observe challenging issues of Myanmar, to strongly encourage policy change through in-depth and investigative stories, and to vastly improve journalism skills among local journalists through trainings and workshops. The first edition of Mawkun came out in August 2012 after the censorship board was abolished. The magazine is published in Myanmar Language and its normal size is around 120 pages."