မုံရွာ-၂၀၂၃ မတ် ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ် ထနောင်းတောတောင်ရွာကို စစ်ကောင်စီတပ်တွေ ဒီကနေ့မနက်ပိုင်း ၆ နာရီဝန်းကျင်က ဝင်ရောက်မီးရှို့တာကြောင့် လူဦးရေထောင်နဲ့ချီထွက်ပြေးနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မနက်အစောပိုင်းကမီးဝင်ရှို့တာ၊ တိုက်ပွဲလည်းမရှိဘူး။ လောလောဆယ်အထိ အိမ်ဘယ်လောက်ပါသွားလဲမသိရသေးဘူး၊ အဖမ်းခံရတဲ့သူတွေလည်းရှိတယ်” လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေ ဝင်ရောက်မီးရှို့တဲ့ ထနောင်းတောရွာဟာ အိမ်ခြေနှစ်ရာကျော်ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။
လက်ရှိအချိန်မှာတော့ ထနောင်းတောရွာအပြင် အနီးနားကကျေးရွာ ၁၀ ရွာဝန်းကျင်ကဒေသခံပြည်သူထောင်နဲ့ချီထွက်ပြေးတိမ်းရှောင်နေရတယ် လို့ ဆိုကြပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ အခုနှစ်ဖေဖော်ဝါရီကထုတ်ပြန်တဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်းမှာ စစ်အာဏာသိမ်းပြီးနောက် မီးရှို့ဖျက်ဆီးခံရတဲ့ နေအိမ်ပေါင်း လေးသောင်းသုံးထောင်ကျော်အထိရှိလာပြီလို့ သိရပါတယ်။
Photo – မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေး
#Dailynews

