ရန်ကုန်- ၂၀၂၃ မတ် ၈ (မော်ကွန်း)
လာမယ့်သင်္ကြန်ကာလအတွက် ကမ်းခြေဒေသတွေရှိဟ်ိုတယ်တွေမှာ ဘွတ်ကင်တွေအပြည့်ဖြစ်နေသော်လည်းတစ်နိုင်ငံလုံးအတိုင်းအတာအနေဖြင့်ခရီးသွားဦးရေဟာ ကိုဗစ်ကာလမတိုင်မီလောက်တော့မများနိုင်ဘူးလို့ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌဦးနောင်းနောင်းဟန်ကပြောပါတယ်။
“ယခင်ကိုဗစ်မတိုင်ခင်တုန်းကဆိုရင်တော့ ဒီလိုအချိန်မျိုးမှာ ပြည်တွင်းခရီးသွားတွေ တစ်သန်းနီးပါးရှိခဲ့တယ်။ ဒါပေမယ့်အခုအခြေအနေမျိုးမှာတော့ သင်္ကြန်ကာလအတွင်းမှာ အရင်ကလောက်မရှိနိုင်ပေမယ့် ငါးသိန်း၊ ခြောက်သိန်းလောက်သာရှိနိုင်ပါမယ်” လို့ သူကပြောပါတယ်။
လက်ရှိမှာဆိုရင် ချောင်းသာ၊ ငွေဆောင်နဲ့ငပလီ ကမ်းခြေတွေမှာဟိုတယ်ဘွတ်ကင်တင်ထားတဲ့သူတွေအပြည့်ဖြစ်နေသလို ဝန်ဆောင်မှုပေးရတဲ့ ခရီးသွားလုပ်ငန်းတွေမှာလည်း ခရီးစဉ်တွေအများအပြားရထားတယ်လို့သိရပါတယ်။
ချောင်းသာကမ်းခြေရှိဟိုတယ်တစ်ခုမှ တာဝန်ရှိသူတစ်ဦးကတော့ “ကျွန်တော်တို့ဟိုတယ်ကတော့ သင်္ကြန်ကာလစျေးမသတ်မှတ်ရသေးတော့ဘွတ်ကင်တွေလက်မခံသေးဘူး။ တစ်ခြားဟိုတယ်တွေတော့တော်တော်များများဘွတ်ကင်တွေပြည့်နေပြီ” လို့ ပြောပါတယ်။
ယူနက်စကိုရဲ့ ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ရှမ်းပြည်နယ်တောင်ပိုင်းက အင်းလေးဒေသမှာတော့ အခုနောက်ပိုင်း တိုက်ပွဲတွေခပ်စိတ်စိတ်ဖြစ်လာတာကြောင့် အခုလာမယ့်သင်္ကြန်ကာလမှာတော့ ပြီးခဲ့တဲ့နှစ်လောက် ခရီးသွားတွေလာကြတော့မှာမဟုတ်ဘူးလို့ ဒေသခံတွေကပြောပါတယ်။
“ပြီးခဲ့တဲ့နှစ်ကတစ်ရက်ကို ခြောက်သောင်းရတယ်။ အဲ့ဒါနေ့တိုင်းဆွဲရတာ။ အခုကလမ်းပန်းအခြေအနေတွေကလည်းမကောင်းဘူး။ အရင်ကလောက်တော့ ခရီးသည်တွေလာကြမှာမဟုတ်ဘူး” လို့ အင်းလေးဒေသမှာ စက်လှေမောင်းသူတစ်ဦးကပြောပါတယ်။
စစ်ကောင်စီကလာမယ့်သင်္ကြန် ရန်ကုန်မြို့မှာတော့ ရေကစားမဏ္ဍပ်တွေဆောက်လုပ်သွားမှာဖြစ်ပြီး အနုပညာရှင်တွေ၊ သင်္ကြန်ယိမ်းအကတွေနဲ့ စည်ကားသိုက်မြိုက်စွာကျင်းပသွားမယ်လို နိုင်ငံပိုင် ဝါဒဖြန့်သတင်းစာတွေကနေတစ်ဆင့်ကြွေးကြော်ထားပါတယ်။
ပုံစာ- ချောင်းသာကမ်းခြေကိုလာလည်ကြသည့်ခရီးသွားများ၏ လက်ရှိအခြေအနေ
Photo: Supplied
#Dailynews

