တမူး – ၂၀၂၃ မတ် ၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တမူး၊ ကဘော်ဒေသပြည်သူကာကွယ်ရေးတပ်မတော် တပ်ရင်း (၃) ကနေ အမျိုးသားလွတ်မြောက်ရေးတပ်တော်(NLA) အဖြစ် ပြောင်းလဲဖွဲ့စည်းရတာဟာ တော်လှန်ရေးကာလမှာကတည်းက ဖက်ဒရယ်စနစ်ကို မျိုးစေ့ချဖို့လိုအပ်တာကြောင့်လို့ NLA ရဲ့ ပြောရေးဆိုခွင့်ရှိသူက မော်ကွန်းကိုပြောပါတယ်။
“ပြောင်းလဲပြင်ဆင်ဖွဲ့စည်းတာဖြစ်တယ်၊ အဓိကသွားချင်တာကတော့ တို့ပြောပြောနေတဲ့ဖက်ဒရယ်ပေါ့နာ်၊ တော်လှန်ရေးအပြီးကာလဖက်ဒရယ်ထက် လက်ရှိတော်လှန်ရေးတွင်းကာလဖက်ဒရယ်ကိုလည်းလိုအပ်တယ်” လို့ NLA တာဝန်ရှိသူကပြောပါတယ်။
လက်နက်ကိုင်ထားတဲ့စစ်တပ်တစ်ခုဖြစ်တဲ့အတွက် တပ်ရဲ့ မူဝါဒတွေ၊ စည်းမျဉ်းစည်းကမ်းတွေ၊ ဖွဲ့စည်းပုံတွေ၊ လမ်းစဉ်တွေ လိုအပ်နေတာကြောင့်လည်း ပြင်ဆင်ဖွဲ့စည်းရတာဖြစ်တယ်လို့ သူကပြောပါတယ်။
၂၀၂၃ မတ် ၅ ရက်က ထုတ်ပြန်တဲ့ NLA ရဲ့ ထုတ်ပြန်ချက်မှာ NLA အနေနဲ့ NUG အပါအဝင် လူမျိုးစုလက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေ၊ ဒေသတွင်းတော်လှန်ရေးအင်အားစုတွေနဲ့ မဟာမိတ်ဆက်ဆံရေးပြုလုပ်ပြီး အာဏာရှင်ကို အမြစ်ပြုတ်တဲ့အထိ တိုက်ခိုက်တွန်းလှန်သွားမယ်လို့ ဖော်ပြပါတယ်။
“တော်လှန်ရေးတွင်းဖက်ဒရယ်ဆိုတာကတော့ အဓိကပြောချင်တာက တော်လှန်ရေးပြီးမှသာ မျှော်လင့်ချက်တွေနဲ့လုပ်နေလို့မရဘူး၊ လက်တွေ့မြေပြင်မှာလည်း တစ်ဖွဲ့နဲ့တစ်ဖွဲ့ချိတ်ဆက်၊ တိကျတဲ့မဟာမိတ်ဆိုင်ရာမူဝါဒတွေနဲ့ ဖက်ဒရယ်ရဲ့သဘောအတိုင်းပဲ ကရင်တစ်ကျပ် ဗမာတစ်ကျပ် ဘာကိုမှခွဲခြားမှုမရှိဘဲ ဖက်ဒရယ်စနစ်ကို မျိုးစေ့ချနိုင်ဖို့ဆိုလိုတာပါ”လို့ NLA တာဝန်ရှိသူကပြောပါတယ်။
အမျိုးသားလွတ်မြောက်ရေးတပ်တော်ရဲ့ လက်ရှိအခက်အခဲကတော့ လက်နက်ခဲယမ်းရရှိဖို့အတွက် ငွေကြေးအထောက်အပံ့ဖြစ်ပြီး ကိုယ်ထူကိုယ်ထရုန်းကန်ရတဲ့အဖွဲ့တွေလိုပဲဖြစ်တဲ့အတွက် ကြိုးစားနေရတယ်လို့ သူကပြောပါတယ်။
ပုံစာ – အမျိုးသားလွတ်မြောက်ရေးတပ်တော် ဖွင့်ပွဲကျင်းပစဉ်
ဓါတ်ပုံ – အမျိုးသားလွတ်မြောက်ရေးတပ်တော်
#Dailynews

