ခင်ဦး-၂၀၂၃ မတ် ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်ထဲမှာ နှစ်ရက်အတွင်း စစ်ကောင်စီတပ်တွေရဲ့လက်နက်ကြီးကျည်ကြောင့် သေဆုံးသူ ကလေးငယ်နှစ်ဦးထိရှိလာပြီလို့ ခင်ဦးဒေသခံတွေကပြောပါတယ်။
အလယ်ရှိုရွာက ၁၂ နှစ်အရွယ် ကလေးငယ်တစ်ဦးနဲ့ မုံလှရွာက အသက် ရှစ်နှစ်အရွယ် ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီနေ့မနက် ရေဦး- ခင်ဦး- ကန့်ဘလူအစပ် ကျေးရွာတွေကို တက်လာပြီးတော့ ခင်ဦးနယ် ငါးရုံကြီးရွာ၊ ရှားတောရွာ၊ မုံလှကျေးရွာတွေက တောတွေထဲမှာ စစ်ကြောင်းလာလို့ စစ်ရှောင်နေတဲ့ ပြည်သူတွေကို လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာ၊ မုံလှရွာက ရှစ်နှစ်အရွယ်ကလေးငယ် လက်နက်ကြီးမှန် သေဆုံးသွားတယ်။ လောလောဆယ်အထိကို လက်နက်ကြီးတွေပစ်ခတ်နေတုန်း၊ မနေ့က အလယ်ရှိုရွာက ကလေးငယ်တစ်ဦးသေဆုံးထားတယ်” လို့ သူကပြောပါတယ်။
အလယ်ရှိုရွာက လက်နက်ကြီးကြောင့်သေဆုံးခဲ့တဲ့ကလေးငယ်ဟာ နွားကျောင်းရင်း စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးစဉ် ကျန်ခဲ့တဲ့လက်နက်ကြီးကျည်ကိုကောက်ယူပြီး အုတ်ကန်ပေါ်တင်ထားရာက လွတ်ကျပေါက်ကွဲပြီး သေဆုံးခဲ့တာပါ။
လက်ရှိအချိန်မှာ စစ်ကောင်စီတပ်တွေဟာ ခင်ဦးမြို့နယ် ကလုံရွာကိုရောက်နေပြီး အဲဒီကနေ လက်နက်ကြီးတွေနဲ့ ဦးတည်ရာမဲ့ ပစ်ခတ်နေတယ်လို့ သူကဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ စစ်ကိုင်းတိုင်းထဲက စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့နယ်တွေကို အင်အားရာဂဏန်းဝန်းကျင်နဲ့ နေ့စဉ် စစ်ကြောင်းထိုးတာ၊ မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့ ဒေသခံတွေကပြောကြပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီမနက်က ကန့်ဘလူနယ် ကျီစုရွာဘက်ကနေ ခင်ဦးနယ်ထဲကို စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ငါးရုံကြီးရွာ၊ ရှားတောရွာ၊ မုံလှရွာအပြင် အနီးနားရွာတွေက ဒေသခံ ရှစ်ထောင်ကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ သိရပါတယ်။
ပုံစာ – ဒီကနေ့မနက်ပိုင်းက ခင်ဦးနယ်ထဲ စစ်ကြောင်းဝင်လို့ထွက်ပြေးနေရတဲ့ဒေသခံများ
Photo-ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေး
#Dailynews

