မြင်းမူ-၂၀၂၃ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ ကန်ဖျားရွာသစ်(ကန်သာအေးရွာ)ကို ဒီကနေ့မနက်ပိုင်းက စစ်ကောင်စီအင်အား တစ်ရာကျော်ဝင်ရောက်တပ်စွဲထားတာကြောင့် အနီးနားကျေးရွာတွေက ဒေသခံထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေးက တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“ဒီနေ့ မနက်ပိုင်း ကန်တော်ရွာကနေ ကန်ဖျားရွာသစ်ကို ထီးဆောင်းရွာက စခတွေနဲ့ပေါင်းပြီး အင်အား ၁၂၀ ခန့်ရောက်နေတယ်။ အခုချိန်ထိ တပ်စွဲထားတယ်ဗျ။ ကန်တော်ရွာ၊ ကန်ဖျားရွာတို့တော့ ဒေသခံတွေ ထွက်ပြေးနေရတယ်ဗျ။ ကန်တော်ရွာကတစ်ရွာလုံး ထွက်ပြေးရတာ၊ ဒေသခံပြည်သူ ခြောက်ထောင်ထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတာဗျ” လို့ပြောပါတယ်။
မနေ့ကလည်း စစ်ကောင်စီတပ်တွေက မြင်းမူမြို့နယ် ကန်တော်ရွာကိုစစ်ကြောင်းထိုးပြီး ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့တိုက်ပွဲဖြစ်ခဲ့ပါတယ်။
တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်တွေက ညနေပိုင်းမှာ ကန်တော်ရွာနဲ့ ဘုန်းတော်ကြီးကျောင်းကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်တွေဟာ မြင်းမူမြို့နယ်ထဲကရွာတွေကို ပြီးခဲ့တဲ့ဖေဖော်ဝါရီ ၂၃ ရက်ကစ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးတာတွေလုပ်နေပြီး လက်ရှိအချိန်အထိ စစ်ကြောင်းထိုးတာ ငါးရက်ဆက်တိုက်ရှိနေပြီလို့ သိရပါတယ်။
စစ်ကိုင်းတိုင်းအတွင်းမှာ စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးခံရတဲ့နေအိမ် လေးသောင်းသုံးထောင်ကျော်ရှိနေပြီလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar ရဲ့ ဖေဖော်ဝါရီ ၁၀ ရက်က ထုတ်ပြန်ထားတဲ့ အချက်အလက်တွေကဆိုပါတယ်။
ပုံ – ကန်တော်ရွာကိုစစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးနေပုံ
Photo-မြင်းမူမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

