ရန်ကုန်- ၂၀၂၃၊ ဖေဖော်ဝါရီ ၂၇ (မော်ကွန်း)
စစ်ကောင်စီက မြန်မာနိုင်ငံအတွင်းမူးယစ်ဆေးဝါးဖမ်းဆီးမှုတွေကို ပြီးခဲ့တဲ့နှစ်နှစ်ကထက်ပိုပြီးလုပ်နိုင်ခဲ့တယ်လို့ဆိုနေပေမယ့် လက်တွေ့မြေပြင်အခြေအနေတွေနဲ့ကွဲလွဲနေတယ်လို့ မူးယစ်ဆေးဝါးအရေးသုံးသပ်သူတွေ၊ရောင်းသူဝယ်သူတွေကပြောပါတယ်။
“ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း ကိုဗစ်အကြိုကာလနဲ့ နှိုင်းယှဉ်ပါက အခုမူးယစ်ဆေးရရှိမှုတွေဟာ ပိုပြီးမြင့်မားလာတယ်။ ဘိန်းဖြူ၊ စိတ်ကြွဆေးပြား မူးယစ်ဆေးဝါးတွေရဲ့ လက်လီဈေးတွေကလည်း အရင်ဈေးနဲ့ယှဉ်ရင် ၅၀ ရာခိုင်နှုန်းလောက် ကျဆင်းသွားပါတယ်။ ဆိုလိုတာက မူးယစ်ဆေးဝါးထိန်းချုပ်မှု နည်းလာတယ်။ ဒါတွေကိုကြည့်ရင် သူတို့တွေ မူးယစ်းဆေးဝါးတွေနဲ့ ဖြန့်ချိသူတွေကို အရင်နှစ်တွေကထက် ပိုပြီးဖမ်းဆီးလာနိုင်တယ်ဆိုတာဘယ်လိုသက်သေပြမလဲ”လို့ မူးယစ်ဆေးဝါးအရေးလေ့လာစောင့်ကြည့်သူတစ်ဦးကမော်ကွန်းကိုပြောပါတယ်။
စစ်ကောင်စီကတော့ ၂၀၂၂ ဖေဖော်ဝါရီကနေ အခုနှစ်ဇန်နဝါရီအထိ ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတန်ဖိုးဟာ ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၂ ဇန်နဝါရီ ထက်တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ သန်း ကျော် ပိုမိုဖမ်းဆီးနိုင်ခဲ့တယ်လို့ စစ်ကောင်စီရဲ့ဝါဒဖြန့်ချိရေးသတင်းစာတွေမှာ ယနေ့ကြေညာပါတယ်။
အဲဒီဖမ်းဆီးရမိမှုတွေမှာ ရှမ်းပြည်နယ်မြောက်ပိုင်းမြို့တွေအများဆုံးပါဝင်သလို ရန်ကုန်မြို့လည်းပါဝင်တယ်လို့ဖော်ပြထားပါတယ်။
ရှမ်းပြည်နယ်မြောက်ပိုင်းမှာအလုပ်လုပ်ကိုင်သူတစ်ဦးကတော့ “ခင်ဗျားတို့ရန်ကုန်ကနေ အသီး (ရာဘစိတ်ကြွဆေးပြား) စပ်တဲ့ဖော်မြူလာတွေပို့လိုက်။ ကျွန်တော်တို့ဒီဘက်မှာပြန်ထုတ်ပြီး ဖြန့်ဖြူးပေးလို့ရတယ်။ လမ်းကြောင်းကလည်းအေးဆေးပဲ” လို့ ပြောပါတယ်။
အခုရန်ကုန်မြို့မှာ မူးယစ်ဆေးဝါးတွေကို အလွယ်တကူရရှိနေပြီး ရာဘစိတ်ကြွဆေးပြားတွေကိုလည်း ရန်ကုန်မြို့အတွင်း ကိုယ်တိုင်ထုတ်လုပ်လာနေတာတွေပါရှိတယ်လို့ မူးယစ်ဆေးဝါးရောင်းသူဝယ်သူတွေကပြောကြပါတယ်။
#Dailynews

