ပုလဲ – ၂၀၂၃ ဖေဖော်ဝါရီ ၆ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ပုလဲမြို့မရဲစခန်းကို မနေ့ည ၁၀ : ၀၀ နာရီကစတင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ဘက်က နှစ်ဦးသေဆုံးခဲ့တယ်လို့ တိုက်ခိုက်ခဲ့တဲ့ ဂဠုန်နက်အဖွဲ့ကတာဝန်ရှိသူ ကိုဂဠုန်ကပြောပါတယ်။
ပုလဲမြို့မရဲစခန်းမှာ အာဏာသိမ်းစစ်တပ်စစ်သားတွေအင်အား ၅၀ ဝန်းကျင်ရှိပြီး ည ၁၀:၀၀ နာရီကနေ မနက် ၁:၀၀ နာရီအထိ ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ပြောပါတယ်။
” ကျွန်တော်တို့ဘက်က ၁၂ ယောက်အနီးကပ်ဝင်ပစ်တာ၊ တခြားမဟာမိတ်အဖွဲ့တွေကတော့ လက်နက်ကြီးနဲ့ပစ်ကူတာ၊သူတို့လက်နက်ကြီးဘက်ကို အာရုံထားနေချိန်အနောက်ကနေ ဝင်လုံးခဲ့တာ၊မျက်မြင်နှစ်ယောက်သေတယ်”လို့ကိုဂဠုန်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ဘက်က စက်ကလေးတွေနဲ့ ပြန်ပစ်ခတ်မှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကရဲဘော်တစ်ဦးရဲ့ဦးခေါင်းကျည်ရှပ်ထိမှန်ပြီး ခြောက်ချက် ချုပ်ထားရတယ်လို့ သူကပြောပါတယ်။
ပုလဲရဲစခန်းထဲကိုလက်နက်ကြီးနဲ့ သုံးကြိမ်ပစ်ခတ်ခဲ့ပြီး စခန်းထဲကျရောက်ပေါက်ကွဲခဲ့တာရှိပေမယ့်ဘေးပတ်ဝန်းကျင်ကိုထိခိုက်တာမရှိဘူးလို့ပြောပါတယ်။
#Dailynews

