ကလေးမြို့ – ၂၀၂၃ ဖေဖော်ဝါရီ ၁ (မော်ကွန်း)
တစ်နိုင်ငံလုံးနဲ့ ကလေးမြို့က ပြည်သူလူထုရဲ့ ဒီကနေ့စစ်အာဏာရှင်အပေါ် ပြတ်သားစွာအံတုမှုမြင်ကွင်းဟာ စစ်မှန်တဲ့ဖက်ဒရယ်ဒီမိုကရေစီနဲ့ ထိုက်တန်ပြီး ဂုဏ်ယူကြောင်း ကလေးမြို့ပင်မသပိတ်အင်အားစု ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ကိုဗိုက်ပူက မော်ကွန်းကိုပြောပါတယ်။
တိုင်းပြည်ရဲ့အာဏာကို လုယူပြီး လူသတ်၊အကြမ်းဖက်မီးရှို့မှုတွေ၊ ဖမ်းဆီးနှိပ်စက်မှုတွေ ကျူးလွန်နေတဲ့ စစ်အာဏာရှင်ကို ဒီကနေ့မှာ မြန်မာပြည်သူလူထုက ဆန့်ကျင်ကြောင်း အသံတိတ်သပိတ်နဲ့ဆန္ဒထုတ်ဖော်ရာမှာစစ်ကိုင်းတိုင်း၊ ကလေးမြို့ကလည်း ပါဝင်ခဲ့ပါတယ်။
“ပြည်သူ့အာဏာသိမ်းယူခံလိုက်ရတဲ့ နှစ်နှစ်ဆိုတဲ့ အချိန်ကာလအတွင်းမှာ ပြည်သူတွေအနေနဲ့ လိုလားတောင့်တတဲ့ ဆန္ဒတွေကို ဒီကနေ့ထိ နည်းနာမျိုးစုံနဲ့ဖော်ထုတ်တဲ့အပေါ် ဂုဏ်ယူရသလို တစ်နိုင်ငံလုံးအနေနဲ့ ပြသလိုက်တဲ့အပေါ် စစ်အာဏာရှင်တွေအနေနဲ့ တုန်လှုပ်ခြောက်ခြားမယ်လို့ယုံကြည်ပါတယ်”လို့ ကိုဗိုက်ပူကပြောပါတယ်။
ကလေးမြို့နဲ့ပြည်သူလူထုအားလုံးရဲ့ ပါဝင်မှုတွေကိုကြည့်မယ်ဆိုရင် စစ်အာဏာရှင်ကျဆုံးဖို့နဲ့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီရရှိဖို့ ထိုက်တန်တယ်လို့ သူကဆိုပါတယ်။
စစ်ကိုင်းတိုင်း၊ ကလေးမြို့ပင်မသပိတ်အင်အားစုဟာ နေ့စဉ်မပြတ် စစ်အာဏာရှင်ကို ဆန့်ကျင်ဆန္ဒထုတ်ဖော်လာတာ ရက်ပေါင်း ၇၂၄ ရက်ရှိပါပြီ။
ပုံစာ – ယနေ့ကလေးမြို့အသံတိတ်သပိတ်မြင်ကွင်း
ဓာတ်ပုံ – Supplied
#Dailynews

