နေပြည်တော်-၂၀၂၂ ဒီဇင်ဘာ ၃၀ (မော်ကွန်း)
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံတော်သမ္မတဦးဝင်းမြင့်တို့ကို စစ်ကောင်စီတရားရုံးက အဂတိမှုငါးမှုအတွက် ဒီကနေ့ ထောင်ဒဏ်ခုနစ်နှစ်စီ ထပ်မံအမိန့်ချလိုက်တယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေသိရပါတယ်။
“အဂတိအမှုငါးမှုပေါင်းခုနစ်နှစ်စီပေါ့။ အမှုအားလုံးပြီးသွားပြီ။ ညနေကျရင်တော့ ဘာတွေကြေညာလဲစောင့်ကြည့်ရမယ်။ လွတ်ငြိမ်းတွေဘာတွေလာမလားပေါ့၊ (အတိုင်ပင်ခံကို) ရန်ကုန်ပြန်ပို့မယ်လည်း သတင်းတွေကြားနေရတယ်” လို့ တရားရုံးနဲ့နီးစပ်တဲ့သူတစ်ဦးကပြောပါတယ်။
ဒီကနေ့အပြီးသတ်အမိန့်ချလိုက်တဲ့ အဂတိအမှုတွေဟာ NLD အစိုးရလက်ထက်က သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ရန်ပုံငွေနဲ့ ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့ ရဟတ်ယာဉ်ဝယ်ယူ၊ ငှားရမ်းတာနဲ့ ပြုပြင်ထိန်းသိမ်းတဲ့ ကိစ္စတွေအတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပုဒ်မ – ၅၅ နဲ့ စစ်ကောင်စီက တရားစွဲထားတာပါ။
အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ အာဏာသိမ်းစစ်ကောင်စီကတရားစွဲဆိုထားတဲ့ အမှုပေါင်း ၁၉ မှုမှာ အရင် ၁၄ မှုအတွက် ထောင်ဒဏ် ၂၆ နှစ်ချမှတ်ခံထားရတာကြောင့် လက်ရှိအမှုနဲ့ဆို ထောင်ဒဏ်စုစုပေါင်း ၃၃ နှစ်အထိရှိလာနေပြီဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်ဟာ အမှုရှစ်မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၂ နှစ်အထိရှိလာနေပြီဖြစ်ပါတယ်။
ပုံ – ၂၀၂၁ မတ်လအတွင်း စစ်အာဏာသိမ်းမှုကိုဆန့်ကျင်ဆန္ဒပြနေသူများ
Photo: Mawkun
#Dailynews

