ကနီ-၂၀၂၂ ဒီဇင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ကနီနယ်တကြောမှာ ဒေသခံပြည်သူ့ကာကွယ်ရေးမဟာမိတ်အဖွဲ့တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တွေ နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားနေတာ ကိုးရက်အထိကြာမြင့်လာပြီဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ခြောက်ဦးကျဆုံးထားတယ်လို့ ကျောက်လုံးကြီး (KLG) တပ်မဟာက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“၁၈ရက်နေ့ကတည်းက တိုက်ပွဲဆိုရင် ကျွန်တော်တို့ရဲဘော်အကျအဆုံးက ခြောက်ယောက်၊ ထိခိုက်ရဲဘော်အယောက် ၂၀၊ တစ်ဦးစိုးရိမ်ရတယ်၊ လက်ရှိတော့ ကျွန်တော်တို့အတွက် အရေးပေါ်ကျည်ဆန်တွေလိုအပ်တယ်။ စစ်ဘေးရှောင်တွေအတွက် စားနပ်ရိက္ခာတော်တော်လေးအခက်အခဲဖြစ်နေတယ်ဗျ။ ကျွန်တော်တို့ကို ကျည်ဆန်ဖိုးလေးတွေထောက်ပံ့ပေးဖို့တော့ ပြောချင်ပါတယ်” လို့ KLG တပ်မဟာက တာဝန်ရှိသူကပြောပါတယ်။
ကနီနယ်တကြောမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည်သူ့ကာကွယ်ရေး မဟာမိတ်အဖွဲ့တွေဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၈ ရက်ကတည်းက စတင်တိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာတော့ စစ်ကောင်စီတပ်တွေဟာ မုဌောရွာမှာတပ်စွဲထားတယ်လို့ဆိုပါတယ်။
အဲဒီတိုက်ပွဲတွေကြောင့် ရွာအများစုကထွက်ပြေးတိမ်းရှောင်ရတဲ့ ဒေသခံတစ်သောင်းကျော်အထိရှိလာနေပြီး ဖမ်းဆီးခံရသူ ရွာသား လေးဦးနဲ့ အသတ်ခံရသူနှစ်ဦးအထိရှိနေပြီလို့ ဒေသခံတွေကပြောပါတယ်။
#Dailynews

