စစ်ကိုင်း-၂၀၂၂ ဒီဇင်ဘာ ၂၉ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ် မြင်းဆည်ရွာနဲ့ သုံးလင့်ရွာတို့ကို အကြမ်းဖက်စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးခဲ့တာကြောင့် နှစ်ရွာပေါင်း အိမ်ခြေသုံးရာဝန်းကျင်မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။
“မြင်းဆည်မှာနှစ်ရက်ရှိပြီ စိမ်ပြေနပြေနေပြီးရှို့သွားတာ။ မြင်းဆည်ရွာက သူဌေးတွေပေါတယ်။
အိမ်ကြီးအိမ်ကောင်းတွေအကုန်ကုန်တာ။ အိမ်ခြေနှစ်ရာလောက်မီးထဲပါသွားတယ်။ ပစ္စည်းတွေယူဖို့ ထော်လာဂျီပေါ်တင်ထားတာလည်း မထွက်ရခင် မီးရှို့သွားတယ်။ မြင်းဆည်ကိုရှို့ပြီး သုံးလင့်ကိုကျ ထွက်ရင်းနဲ့ရှို့သွားတာ၊ အိမ်ခြေတစ်ရာလာက်ပါသွားတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
စစ်ကောင်စီရဲ့တပ်မ ၃၃ စစ်ကြောင်းက မြင်းဆည်ရွာကို ဒီဇင်ဘာ၂၈ ရက် နေ့လယ်ပိုင်းက မီးရှို့ဖျက်ဆီးခဲ့တာလို့ စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်ကဖော်ပြပါတယ်။
စစ်ကောင်စီတပ်တွေမီးရှို့ခဲ့တဲ့ မြင်းဆည်ရွာဟာ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး သုံးလင့်ရွာက အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတယ်လို့ ဒေသခံတွေရဲ့ပြောပြချက်အရ သိရပါတယ်။
လက်ရှိအချိန်မှာတော့ အဲဒီရွာတွေကဒေသခံတွေအပြင် အနီးနားရွာတွေက ဒေသခံအများအပြားလည်း ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။
Data for Myanmar ရဲ့ ဒီဇင်ဘာ ၁၀ ရက် အထိ စာရင်းတွေအရ စစ်ကိုင်းတိုင်းအတွင်း စစ်ကောင်စီတပ်တွေနဲ့ လက်အောင်ခံအဖွဲ့အစည်းတွေရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ၂၀၂၂ နိုဝင်ဘာ ၃၀ အထိ အိမ်ခြေပေါင်း နှစ်သောင်းခုနစ်ထောင်ကျော် ဖျက်ဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။
ပုံ – မြင်းဆည်ရွာ မီးရှို့ခံထားရပုံ
Photo – စစ်ကိုင်းမြို့နယ်သတင်းမှန်ပြန်ကြားရေး
#Dailynews

