မုံရွာ-၂၀၂၂ ဒီဇင်ဘာ ၂၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ချင်းတွင်းမြစ်အနောက်ဖက်ကမ်း ကျောက်မှော်ရွာမှာ ဒီဇင်ဘာ ၁၈ ရက်က အကြမ်းဖက်စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံရတဲ့ ရွာသားခြောက်ဦး လက်ရှိအချိန်အထိ အဆက်အသွယ်ပြတ်နေတယ်လို့ ညီနောင်မဟာမိတ်တပ်ပေါင်းစုက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
“အခုချိန်ထိပြန်မလွှတ်သေးပါဘူး။ ဘာသတင်းအစအနမှမရဘူး။ ထောက်ပို့ရဲဘော်မဟုတ်ဘူး။ အဲဒါပြည်သူတွေဗျ” လို့ညီနောင်မဟာမိတ်တပ်ပေါင်းစုထဲက တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေ ကျောက်မှော်ရွာထဲဝင်တာကြောင့် ပိတ်မိနေတဲ့ ဒေသခံရွာသားတွေကို ကယ်ထုတ်ချိန်မှာ နဂါးညီနောင်အဖွဲ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်နှစ်ဦးလည်း ကျဆုံးခဲ့တယ်လို့ သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၈ ရက်က ကျောက်မှော်ရွာကို ဝင်ရောက်လာတာကြောင့် ကျော်မှော်ရွာအပါအဝင် အနီးနားက ရွာတွေက ဒေသခံတစ်ထောင်ကျော်ထွက်ပြေးနေရတယ်လို့ သိရပါတယ်။
#Dailynews

