ရေဦး – ၂၀၂၂ ဒီဇင်ဘာ ၁၃ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်က ရွာမိသာရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့မနက်ပိုင်းမှာလက်နက်ကြီးနဲ့ပစ်ခတ်ဝင်ရောက်ခဲ့ပြီး ရွာကိုမီးရှို့ခဲ့တယ်လို့ ဒေသခံဆီကသိရပါတယ်။
“လက်နက်ကြီးနဲ့အရင်ထုတာ၊ အဲ့ဒါကြောင့်အားလုံးပြေးကြတာ၊ အခုမှစပါးတွေရိတ်ခါစ၊ အကုန်မီးထဲပါကုန်ပြီ၊ ဖုန်းတွေလည်းဆက်မရတော့ဘူး၊တစ်ယောက်တစ်နေရာစီအကုန်ကွဲနေကြပြီ”လို့ ရွာမိသာရွာကဒေသခံတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်၊ စစ်ကြောင်းဝင်ရောက်လာပြီးရွာကိုမီးရှို့တာကြောင့်ဒေသခံရွာသားတွေထွက်ပြေးနေရပါတယ်။
နေထိုင်ရာထိုင်ခင်းအတွက် လှည်းပါသူတွေက လှည်းပေါ်မှာနေထိုင်နေရပြီး လှည်းမပါသူတွေက လမ်းဘေးမှာပဲနေနေရတယ်လို့ ဒေသခံကပြောပါတယ်။
ညောင်လှ၊ မူးဆုံ၊ ယူကလစ်ခြံဘက်မှာအထိုင်ချနေတဲ့ အာဏာသိမ်းစစ်တပ်၊ စစ်သားတွေ ရွာထဲဝင်ရောက်လာတာဖြစ်ပြီး စစ်သားတွေရှိနေသေးတာကြောင့်နေအိမ်ပျက်စီးမှုအခြေနေကိုအတိအကျမသိရသေးဘူးလို့ ဒေသခံကပြောပါတယ်။
#Dailynews

