ဆားလင်းကြီး – ၂၀၂၂ ဒီဇင်ဘာ ၁၄ (မော်ကွန်း)
အာဏာသိမ်းစစ်တပ်ဟာ ဆောင်းတွင်း နံနက် ၂:၃၀ မှာ စစ်ကြောင်းထိုးဝင်ရောက်လာတာကြောင့် ဆားလင်းကြီးမြို့နယ်၊ လက်ပံတောင်း၊ ကြေးစင်တောင်တဝိုက် ပုသိမ်-မုံရွာလမ်းဘေးဝဲယာကျေးရွာတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံကမော်ကွန်းကိုပြောပါတယ်။
“၁၂ရက်နေ့ကစလို့ လက်ပံတောင်း မြန်မာ-ဝမ်ပေါင်က တရုတ်တွေ နှစ်သစ်ကူးအိမ်ပြန်တာကို လုံခြုံရေးယူတယ်ဆိုပြီး လက်ပံတောင်း၊ ကြေးစင်တောင်တန်းတဝိုက်မှာ ပြည်သူတွေရဲ့ရွာတွေကို ဝင်ရောက်မွှေနှောက်နေတာတွေ အခုအချိန်ထိပြုလုပ်နေတာ”လို့ ဒေသခံကပြောပါတယ်။
နံနက် ၂:၃၀ ကနေ ၅:၀၀ လောက်ထိ ရရာဆိုင်ကယ်၊ ကား၊ နွားလှည်းတွေနဲ့ ဒေသခံတွေဟာထွက်ပြေးခဲ့ရပြီး အအေးဓာတ်လွန်ကဲနေတဲ့ ဆောင်းတွင်းအချိန်ဖြစ်တာကြောင့် ကလေးသူနဲ့ သက်ကြီးရွယ်အိုတွေ ကျန်းမာရေးစိုးရိမ်ရတယ်လို့ သူကပြောပါတယ်။
မနေ့ညကလည်း လက်ပံတောင်း၊ ကြေးစင်တောင်နားမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒုံးနောရွာနေအိမ်တွေက ပြည်သူပိုင်ပစ္စည်းတွေကို ဝင်ရောက်မွှေနှောက်ခဲ့ပြီး ဒုံးနောရွာနဲ့ဂုံနောရွာ ဘုန်းကြီးကျောင်းတွေမှာ တပ်စွဲထားတယ်လို့ဒေသခံကပြောပါတယ်။
လတ်တလော လက်ပံတောင်း၊ ကြေးစင်တောင်တဝိုက်မှာ အာဏာသိမ်းစစ်တပ်ရဲ့ ဘေးရန်ကို ကြောက်လို့ထွက်ပြေးနေရတဲ့ ကျေးရွာ ၁၃ ရွာဝန်းကျင်၊ လူဦးရေ ၁၂၀၀၀ ဝန်းကျင်ရှိပြီး နေထိုင်စားသောက်ရေး အခက်အခဲတွေရှိနေပါတယ်။
ပုံစာ – ဒီကနေ့ နံနက် ၂:၃၀ အချိန် ထွက်ပြေးနေရတဲ့ ပြည်သူတွေ
ဓာတ်ပုံ – CJ
#Dailynews

