သိမ်ဇရပ် – ၂၀၂၂ နိုဝင်ဘာ ၃၀ (မော်ကွန်း)
မွန်ပြည်နယ်၊ သိမ်ဇရပ်ရဲစခန်းကနေ လက်နက်ကြီးနဲ့ပစ်တာကြောင့် လူနေရပ်ကွက်အတွင်းကျရောက်ပေါက်ကွဲပြီး နေအိမ်တစ်လုံးနဲ့ ကလေးငယ်နှစ်ဦး လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU က ဒီနေ့ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၂၆ ရက် ညနေ ၆း၃၀ မှာ သိမ်ဇရပ်ရဲစခန်းထဲက စစ်ကောင်စီတပ်တွေက ၄၀ မမနဲ့ ပစ်ခတ်ခဲ့တာကြောင့် သိမ်ဇရပ်မြို့အမှတ် ၃ ရပ်ကွက်ကြီး တောင်တခြမ်းရပ်ကွက်မှာရှိတဲ့ ဦးကျော်တင့်ရဲ့နေအိမ်ပေါ် ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်ပျက်စီးကာ အသက်ရှစ်နှစ်အရွယ် မောင်မြင့်မြတ်နဲ့ တူဖြစ်သူ မောင်သန့်စင်တို့နှစ်ဦး လက်နက်ကြီးကျည်စထိမှန်ခဲ့တာပါ။
လက်နက်ကြီးထိမှန်ဒဏ်ရာရခဲ့တဲ့ကလေးငယ်နှစ်ဦးထဲက မောင်မြင့်မြတ်က မစိုးရိမ်ရတာကြောင့် သိမ်ဇရပ်ဆေးရုံမှာ ဆေးဝါးကုသမှုခံယူနေပြီး မောင်သန့်စင်က စိုးရိမ်ရဒဏ်ရာရတာကြောင့် ပဲခူးမြို့ဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့သိရပါတယ်။
အဲဒီသိမ်ဇရပ်ရဲစခန်းဟာ မကြာခဏ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်မှုတွေရှိပြီး အရပ်သားတွေကိုလည်း မတရားဖမ်းဆီးမှုတွေလုပ်ဆောင်နေတာကြောင့် ရဲစခန်းအနီးကပြည်သူတွေ စိုးရိမ်ထိတ်လန့်နေကြတယ်လို့ ထုတ်ပြန်ထားပါတယ်။
ပုံစာ – ပျက်စီးသွားသောအိမ်နှင့် လက်နက်ကြီးကျည်ခွံ
ဓါတ်ပုံ – KNU facebook page
#Dailynews

