ရန်ကုန် – ၂၀၂၂၊ နိုဝင်ဘာ ၂၄ (မော်ကွန်း)
ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်၊ မြလမ်းမှာ ဒီနေ့နံနက် ၇:၀၀ နာရီ လောက်က လျှပ်စစ်စက်ဘီးရဲ့မော်တာဖြုတ်ခိုးနေကြတဲ့ သူခိုးငါးယောက်ကို ရပ်ကွက်သားတွေဝိုင်းပြီး ဖမ်းဆီးခဲ့ကြရာ နှစ်ဦးဖမ်းမိခဲ့ပါတယ်။
“ရပ်ကွက်ထဲကလူတွေတွေ့ပြီးဝိုင်းဖမ်းကြတာ။ ဓာတ်တိုင်အောက်ထိုင်ခိုင်းပြီးကြိုးတုတ်ထားတာ။ ပြီးတော့ရဲလက်အပ်လိုက်ကြတယ်။” လို့ ရပ်ကွက်နေထိုင်သူတစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာတင် ဗဟန်းမြို့နယ်၊ ကျိုက္ကဆံရပ်ကွက်ထဲမှာ ခိုးမှုတွေတောက်လျှောက်ဖြစ်ပွါးနေတာကြောင့် ရပ်ကွက်သားတွေဟာ ကင်းပုန်းဝပ်စောင့်ဖမ်းလို့ အခုလိုမိတာလို့ ၎င်းရပ်ကွက်မှာနေသူတစ်ဦးကပြောပါတယ်။
ရပ်ကွက်ထဲက ပစ္စည်းခိုးခံရသူ ကာယကံရှင်တစ်ဦးကတော့ “စစဖြစ်ချင်းတုန်းက အုပ်ချုပ်ရေးမှူးကိုသွားပြောတော့ ငါ့ဟာနဲ့ငါတောင် မနည်းဂရုစိုက်နေရတာ၊ အပြင်တောင်မထွက်ရဲဘူးတဲ့။ ကိုယ့်ပစ္စည်းကိုထိန်းသိမ်းကြတဲ့။ ကျွန်မကတော့ ဒီလိုရပ်ကွက်သားတွေစည်းစည်းရုံးရုံးနဲ့ဝိုင်းပြီးဖမ်းကြတာ သိပ်ကောင်းတယ်။ ဒီလိုပဲလုပ်ရတော့မှာ” လို့ပြောပါတယ်။
ပြီးခဲ့တဲ့ လေးရက်လောက်ကလည်း ကျိုက္ကဆံရပ်ကွက်အတွင်းမှာပဲ ရပ်ကွက်သူ/သား တွေ ပေါင်းပြီး သူခိုးနှစ်ဦး ဖမ်းမိခဲ့ပါသေးတယ်။
ပုံစာ – မနှစ်က ကျိုက္ကဆံရပ်ကွက်အတွင်းကင်းစောင့်နေကြသော ရပ်ကွက်သူ/သားများ
ဓါတ်ပုံ – မော်ကွန်း
#Dailynews

