ဆားလင်းကြီး – ၂၀၂၂ နိုဝင်ဘာ ၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်က တရုတ်ပိုင်ဝမ်ပေါင်ကုမ္ပဏီရဲ့သတ္တုလုပ်ကွက်ကို ကြေးနီလာသယ်တဲ့ကားတွေအတွက် အာဏာသိမ်းစစ်တပ်က လုံခြုံရေးယူဖို့ ဒီကနေ့နံနက်အစောကတည်းက ပုသိမ်-မုံရွာလမ်းဘေးဝဲယာတွေမှာ တပ်တွေဖြန့်ထားလို့ ဒေသခံထောင်ချီထွက်ပြေးနေရပါတယ်။
“လက်ရှိဆားလင်းကြီးမြို့နယ်၊ ကံကုန်းရွာမှာဒီကောင်တွေတပ်စွဲထားတယ်၊ အရင်ကဆို ကြေးကားတွေကို လုံခြုံရေးယူပေးရင် ရွာတွေကို မီးရှို့တယ်၊ လက်နက်ကြီးနဲ့ပစ်တယ်” လို့ ဆားလင်းကြီးဒေသခံသတင်းရင်းမြစ်က မော်ကွန်းကိုပြောပါတယ်။
ဝမ်ပေါင်ကုမ္ပဏီမှာ အမြဲလုံခြုံရေးယူနေတဲ့စစ်သားတွေထဲက ၅၀ ဝန်းကျင်ကို ကုမ္ပဏီအနီးအနားမှာချထားပါတယ်။
ဒါအပြင်အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ) မုံရွာမြို့ကနေ လာတဲ့ စစ်တပ်ဖောကားအနည်းဆုံး ၁၀ စီးရှိပြီး ပုသိမ်-မုံရွာလမ်းမ၊ ဝဲယာကကျေးရွာတွေမှာ ချထားတယ်လို့ဆိုပါတယ်။
“လောလောဆယ် ဝမ်ပေါင်ကနေ တွဲကား ကြေးကား လေးစီးထွက်သွားပြီ၊ ၁၂ စီးဝင်တယ်လို့ကြားထားတယ်၊ ကံကုန်းဘေးက မိုးကြိုးဆာလဖြူရစ်စက်ရုံကိုလည်း တွဲကားတွေဝင်နေတယ်၊ ဘယ်အတွက်သုံးဖို့လည်းမသိဘူး” လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ပြုလုပ်နေကျဖြစ်တဲ့ မီးရှို့၊ လူသတ်၊ ပစ္စည်းခိုး၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ ဖမ်းဆီးရိုက်နှက်တာတွေကို စိုးရိမ်လို့ ဒီကနေ့ထွက်ပြေးနေရတဲ့ ရွာရှစ်ရွာရှိပြီး လူဦးရေ ၆,၅၀၀ အထက်ရှိနိုင်ကြောင်း သတင်းရင်းမြစ်ကဆိုပါတယ်။
လတ်တလောမှာ ဒေသတော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဝမ်ပေါင်ကို ကာကွယ်ပေးနေတဲ့အာဏာသိမ်းစစ်တပ်တို့ ပုသိမ်-မုံရွာလမ်းပေါ်မှာပစ်ခတ်မှုတွေစတင်ဖြစ်ပွါးနေပြီး အသေးစိတ်ကိုမသိရသေးပါဘူး။
ပုံစာ – ယနေ့စစ်ရှောင်နေရသည့်ဒေသခံများ။
ဓာတ်ပုံ – CJ
#Dailynews

