ဟင်္သာတ – ၂၀၂၂ အောက်တိုဘာ ၁၃ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ဟင်္သာတမြို့နယ်မှာ ဒီကနေ့ ညနေပိုင်းက ပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပေါ်ခဲ့ပြီး ယာဉ်ထိန်းရဲလေးဦး ဒဏ်ရာတွေရရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဟင်္သာရုပ်အဝိုင်းနားမှာ ဆိုင်ကယ်နဲ့စက်ဘီးတွေကို ငွေကြေးတောင်းစားတာတွေပြုလုပ်နေတဲ့ စစ်ဆေးရေးဂိတ်နဲ့ အမှတ် ၂ ရဲစခန်းတို့ ညနေ ၄:၀၀ နာရီ ကျော်လောက်မှာ ပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
” ယာဥ်ထိန်းရဲတွေနားပေါက်တဲ့အလုံးကတော့ ယာဥ်ထိန်း ၄ ယောက်လောက်ဒဏ်ရာရတယ်၊ ရဲစခန်းပေါက်တာတော့ ထိ မထိ မသိဘူး၊ ယာဉ်ထိန်းနှစ်ဦးကတော့ အရေးပေါ်ကားနဲ့လာခေါ်ရတယ်”လို့ ဒေသခံတစ်ဦးကပြောပါတယ်။
ပေါက်ကွဲပြီးနောက်ပိုင်း ဟင်္သာတမြို့ပေါ်မှာ စစ်ကောင်စီတပ်သားတွေက အော်ဟစ်ဆဲဆိုကာ လူစည်ကားတဲ့နေရာတွေမှာ ပိတ်ဆို့ စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဒေသခံကဆိုပါတယ်။
ယာဥ်ထိန်းစစ်ဆေးရေးဂိတ်နဲ့ ရဲစခန်းကို နန်းထိုက်အောင် စစ်ဆင်ရေးအရ ဟင်္သာတမြို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ဟင်္သာတ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ညပိုင်းမှာ သတင်းထုတ်ပြန်ထားပါတယ်။
#Dailynews

