ကန်ကြီးထောင့် – ၂၀၂၂ ဩဂုတ် ၃၀ (မော်ကွန်း)
ဧရာဝတီတိုင်း၊ ကန်ကြီးထောင့်မြို့နယ်မှာ ဒီကနေ့ နေ့လယ်ပိုင်းက အာဏာသိမ်းစစ်တပ်ခန့် ကံကုန်းကျေးရွာရာအိမ်မှူး ကရင်လေးကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေက အိုးဝေမောင်းလာချိန် ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြောင်းမြကနေ ကံကုန်းဘက်ကိုလာတဲ့ ကားလမ်းမပေါ်က ညောင်ကုန်းကျေးရွာတံတားနားမှာ အိုးဝေက ထပေါက်ကွဲခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
“ အိုးဝေက မောင်းလာရင်း ထပေါက်တာ၊ ပထမတော့ ဗုံးပေါက်တယ်လို့ မထင်ဘူးလေ၊ မောင်းလာရင်း ဖြစ် သွားတာဆိုတော့ နောက်မှ အကုန်ဝိုင်းကြည့်ပြီး ဆေးရုံပို့လိုက်ရတာ သွေးတွေတော့ တော်တော်များတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဒဏ်ရာပြင်းထန်လို့ ပုသိမ်ဆေးရုံကြီးထိ ပို့ဆောင်ထားတယ်လို့ သူကဆိုပါတယ်။
ပေါက်ကွဲပြီးနောက်ပိုင်းမှာ အာဏာသိမ်းစစ်တပ်၊တပ်သားတွေက ကန်ကြီးထောင့်ကနေ သွားလာနိုင်တဲ့ မြို့ဝင်ထွက် ဂိတ်တွေကို ပိတ်ဆို့စစ်ဆေးတာတွေပိုမိုတင်းကြပ်စွာပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုတိုက်ခိုက်မှုကို ကန်ကြီးထောင့်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ KRF တို့ ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ တိုက်ခိုက်မှုအပြီး နာရီပိုင်းအကြာမှာ တော်လှန်ရေးတပ်ဖွဲ့တွေဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။
ပုံစာ- တိုက်ခိုက်ခံရသည် အာဏာသိမ်းစစ်တပ်ထောက်တိုင် ရာအိမ်မှူးရဲ့ အိုးဝေ
ဓာတ်ပုံ – Supplied
#Dailynews

