မြောင်းမြ – ၂၀၂၂ ဩဂုတ် ၂၀ (မော်ကွန်း)
ဧရာဝတီတိုင်း၊ မြောင်းမြမြို့နယ်မှာ မနေ့ ညပိုင်းက အာဏာသ်မ်းစစ်တပ်လက်အောက်ခံ ခရိုင်ထွေအုပ်ရုံးနဲ့ စသုံးလုံးရုံးတွေအနီး ပေါက်ကွဲမှုတွေဖြစ်ပြီးနောက်ပိုင်း ဒေသခံ လူငယ်သုံးဦးဖမ်းဆီးခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။
မြို့လယ်ခေါင်မှာရှိတဲ့ ခရိုင်ထွေအုပ်ရုံးအနီး ပေါက်ကွဲပြီးနောက်ပိုင်း စစ်ကောင်စီတပ်သားတွေ ဆဲရေး၊ ရိုင်စိုင်းတာတွေလုပ်နေချိန်မှာ ဆိုင်ကယ်နဲ့လာတဲ့လူငယ်သုံးဦးကို ရိုက်နှက်ဖမ်းဆီးသွားတာလို့ ဒေသခံ တွေက ပြောပါတယ်။
“ ပေါက်တဲ့အချိန်မှာ အားလုံးက ဆဲဆိုနေတာပေါ့၊ ဟိုကောင်တွေကိုပြောတာ စစ်ကောင်စီတပ်သားတွေ အပြင်ဘယ်သူမှမထွက်တော့ဘဲ အားလုံးအိမ်ထဲ နေနေရတယ် ၊ဒါတောင် သူတို့က စိန်ခေါ်သလိုနဲ့ ပတ်ဝန်းကျင်ကိုရိသလို စောင်းသလိုနဲ့ လိုက်ဆဲတာ၊ အဲ့အချိန်မှာ ဆိုင်ကယ်တစီးက ဖြတ်မောင်းတာ သူ့တို့က သေနတ်နဲ့ ချိန်တားပြီး ရိုက်တာ ဘယ်သူတွေလည်းတော့မသိရဘူး အမျိုးသား သုံးဦးက သေချာတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပေါက်ကွဲပြီး မိနစ်ပိုင်းအကြာမှာ အရေးပေါ်ကားသံတွေကြားရပြီး အခြေအနေရှုပ်သွားပေမယ့် ထိခိုက်မှု အခြေအနေကိုတော့ မသိရဘူးလို့ သူကဆိုပါတယ်။
ဒီကနေ့မနက်ပိုင်းမှာတော့ ရုံးပတ်ဝန်းကျင် လမ်းတွေနဲ့ မြို့တွင်းမှာ စစ်ဆေးတာတွေကို တင်းတင်းကြပ်ကြပ်လုပ်နေသလို မြို့ဝင်ထွက်ဂိတ်တွေမှာလည်း ဆိုင်ကယ်အဖုံးတွေကအစ လှန်စစ်တာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
#Dailynews

