မိုးကုတ် – ၂၀၂၂ ဩဂုတ် ၅ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ ဇူလိုင်လအတွင်းက အာဏာသိမ်းစစ်တပ်ဖမ်းဆီးသွားတဲ့ပြည်သူတွေထဲကအချို့ဟာ မိသားစုဝင်တွေနဲ့အဆက်အသွယ်ပြတ်တောက်နေတယ်လို့ ဖမ်းဆီးခံထားရသူတွေနဲ့နီးစပ်သူတွေကပြောပါတယ်။
ယခင်အဖမ်းခံထားရသူတွေနဲ့ အချိတ်အဆက်ရှိနေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်မံဖမ်းဆီးခံရတာဖြစ်ကြောင်း ဖမ်းဆီးခံရသူတစ်ဦးရဲ့မိသားစုနဲ့နီးစပ်သူတစ်ဦးကပြောပါတယ်။
” သူတို့ ဖမ်းမိထားသူနဲ့ အဆက်သွယ်ရှိတယ်လို့ပြောပြီးဖမ်းသွားတာပဲ၊ အိမ်ကပိုက်ဆံသိန်းတစ်ရာကိုသိမ်းသွားတယ်၊ မိသားစုက လိုက်စုံစမ်းတော့လည်း သတင်းစုံစမ်းခွင့်မပေးဘူး၊ အဆက်အသွယ်လည်းမရဘူး”လို့ အမည်မဖော်လိုသူ နီးစပ်သူတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့က လူမှုကယ်ဆယ်ရေးတွေမှာ ပါဝင်ကူညီဆောင်ရွက်နေသူတစ်ဦးကိုလည်း အာဏာသိမ်းစစ်တပ်က နေအိမ်မှာလာရောက်ဖမ်းဆီးသွားခဲ့ပြီး တစ်လကျော်ကြာသည်အထိ မိသားစုနဲ့ အဆက်သွယ်မရသလို ဘာကြောင့်ဖမ်းသွားလဲဆိုတာကိုလည်း မသိရဘူးလို့ နီးစပ်သူတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့ လျှပ်စစ်ရုံးအနီးမှာ အာဏာသိမ်းစစ်တပ်က ကင်းပုန်းချစစ်ဆေးနေချိန်မှာ လက်ပစ်ဗုံး ပါလာတဲ့ လူငယ်နှစ်ဦးကိုလည်း ဖမ်းဆီးရမိသွားခဲ့ပြီး မိသားစုတွေနဲ့အဆက်သွယ်ပြတ်တောက်နေတယ်လို့ သူ့မိသားစုနဲ့နီးစပ်သူကပြောပါတယ်။
မိုးကုတ်မြို့မှာ ဇူလိုင်လအတွင်း ဖမ်းဆီးခံထားရသူ ဆယ်ဦးထက်မနည်းရှိပြီး အချို့ပြန်လွှတ်လာကာ ရိုက်နှက်စစ်ဆေးခံရတာတွေရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။
” သူတို့က စစ်မေးတယ်၊ရိုက်တယ်၊ ပြီးတော့အနာပေါ်ကို သံပုရာသီးညစ်ပြီး ထပ်စစ်မေးတယ်၊ မိန်းကလေးတွေလည်းအရိုက်ခံရတာပဲ ၊ပြန်လွတ်သူလည်းနည်းပါတယ်”လို့ ဖမ်းဆီးခံရပြီးနောက် ပြန်လွတ်လာသူတစ်ဦးရဲ့မိသားစုဝင်တစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့မှာ အာဏာသိမ်းစစ်တပ်က အင်တာနက်လိုင်းဖြတ်တောက်ထားတာ တစ်နှစ်ကျော်ကြာမြင့်လာပါပြီ။
ဒါကြောင့် Wifi ကိုသာ အဓိကအင်တာနက်အသုံးပြုနေရပြီး သတင်းစီးဆင်းမှုပြတ်တောက်နေတယ်လို့မိုးကုတ်မြို့ခံတစ်ဦးကပြောပါတယ်။
#Dailynews

