မြိုင် – ၂၀၂၂ ဇူလိုင် ၂၅ (မော်ကွန်း)
မကွေးတိုင်း၊ မြိုင်မြို့နယ်မြောက်ပိုင်း ဓမ္မသာရရွာကို အာဏာသိမ်းစစ်တပ်က မနေ့က စတင်မီးရှို့ခဲ့တာကြောင့် ကျေးရွာအတွင်း နေအိမ် ခုနှစ်လုံး မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ကျေးရွာနေပြည်သူတစ်ဦးကပြောပါတယ်။
အာဏာသိမ်းစစ်တပ်က ဓမ္မသာရ ရွာကို ဇူလိုင်လ ၂၃ရက်နေ့ကစတင်ပြီး အင်အား ၁၀၀ ဝန်းကျင်နဲ့ စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီးနောက် မနေ့က နေအိမ်တွေကိုမီးရှို့ခဲ့တာလို့သူကပြောပါတယ်။
“အခုကမြိုင်နယ်အနှံစစ်ကြောင်းတွေထိုးခံနေရတာ၊ စစ်ကြောင်းတွေခွဲ ပြီး မြိုင်နယ်ကိူ စစ်ကြောင်းထိုးနေတာ စစ်ကြောင်း သုံးကြောင်းလောက်ခွဲထိုးနေတာတိုက်ပွဲမရှိဘူး၊ သူတို့စစ်ကြောင်းထိုးပြီး အကြောင်းမဲ့ရှို့သွားတာ၊ခုနစ်အိမ်လောင်သွားတယ်” လို့ ဓမ္မသာရဒေသခံတစ်ဦးကပြောပါတယ်။
အိမ်ခြေ ၂၀၀ ဝန်းကျင်ရှိတဲ့ဓမ္မသာရကျေးရွာကို အာဏာသိမ်းစစ်တပ်က ပထမဆုံးအကြိမ် ဝင်ရောက်မီးရှို့တာဖြစ်တယ်လို့ ဒေသခံကပြောပါတယ်။
စစ်တပ်က မြိုင်နယ်အနှံ့စစ်ကြောင်းထိုးနေတာကြောင့်ရွာထဲကိုထပ်မံဝင်ရောက်လာမှာစိုးရိမ်တဲ့အတွက် ဒေသခံရွာသား တွေကရှောင်တိမ်းနေရပြီး နေရပ်မပြန်နိုင်သေးဘူးလို့ပြောပါတယ်။
ဓမ္မသာရ ရွာကို စစ်တပ်က မီးရှို့ပြီးနောက် ကျားတက်ရွာဘက်ကို ထပ်မံစစ်ကြောင်းထိုးသွားပြီး
ဓမ္မသာရ ရွာအနောက်ဘက်ဘန်ဘိုးရွာမှာလဲ တပ်စွဲ ဝင်ရောက်နေတာကြောင့် ဓမ္မသာရရွာ မီးလောင်နေတာကို မီးမငြိမ်းသတ်နိုင်ခဲ့ဘူးလို့ ဒေသခံတစ်ဦးကပြောပါတယ်။
လတ်တလော မီးလောင်ထားတဲ့နေအိမ်ဓါတ်ပုံတွေကတော့ ရွာထဲကို ပြန်မဝင်ကြရသေးတဲ့အတွက်မရရှိသေးပါဘူး။
#Dailynews

