ကျောက်ဆည် – ၂၀၂၂ ဇူလိုင် ၁၃ (မော်ကွန်း)
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့၊ အင်ဒိုင်းရွာက အာဏာဖီဆန်ကျောင်းဆရာတစ်ဦးကို ဖမ်းမမိတာကြောင့် အသက်ငါးနှစ်အရွယ်သမီးဖြစ်သူနဲ့ မိသားစုဝင် ၁၀ ဦးကို အာဏာသိမ်းစစ်တပ်က ဖမ်းဆီးသွားတာ သုံးလကြာတဲ့အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုဝင်တစ်ဦးကပြောပါတယ်။
ပြီးခဲ့တဲ့ ဧပြီလကုန်ပိုင်းက လာရောက်ဖမ်းဆီးသွားတဲ့အထဲ အာဏာဖီဆန်ကျောင်းဆရာ ကိုဝေလွင်ဦးရဲ့ ဇနီး၊ သမီးဖြစ်သူ မသိမ့်သဒ္ဓါထွန်းနဲ့ နှစ်ဘက်မိဘတွေ စုစုပေါင်း ၁၁ ဦးပါဝင်ပါတယ်။
“ကလေးကို ပထမလာဖမ်းသွားပြီး နောက်ရက်မနက်ကိုပြန်လွှတ်ပေးတယ်၊ကလေးကသူ့အဖွားအိမ်မှာနေတုန်း ညနေပိုင်းကိုပြန်လာပြီး ကလေးကိုသူ့အမေနားထားမယ်ဆိုပြီးပြန်ဖမ်းသွားတာ၊ ခုကလေးက သူ့အမေဆီလည်းမရောက်ဘူး ၊ဆက်သွယ်လို့လည်းမရဘူး၊ဘာမှလည်းမသိရပါဘူး”လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
ဖမ်းဆီးခံထားရတဲ့ မသိမ့်သဒ္ဓါထွန်းက ဇူလိုင်လ ၁၄ရက် မနက်ဖြန်မှာ အသက် ၅နှစ်ပြည့်မှာဖြစ်ပြီး ကလေးကိုအမြန်ပြန်လွှတ်စေချင်တယ်လို့ မိသားစုဝင်ကပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေကို သုံးလကြာသည်အထိ အမှုဖွင့်အရေးယူတာမရှိဘဲ ဖမ်းဆီးထားတယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
ကိုဝေလွင်ဦးရဲ့ ဖခင်ကလည်း လေဖြတ်နေပြီး မိခင်ဖြစ်သူဟာ သွေးတိုးရောဂါခံစားနေရကာ ဆက်သွယ်လို့မရသလို ဆေးဝါးပေးပို့ခွင့်လည်းမရဘူးလို့ သူကပြောပါတယ်။
ကိုဝေလွင်ဦးရဲ့ ဇနီးဖြစ်သူကိုအမှတ်(၁၄)ခြေမြန်တပ်ရင်းကျောက်ဆည်မှာဖမ်းဆီးထားတယ်လို့သိရကြောင်းနဲ့ ကိုဝေလွင်ဦးအဖမ်းမခံရင်မိသားစုရဲ့အသက်ကိုအာမမခံကြောင်းအာဏာသိမ်းစစ်တပ်က ခြိမ်းခြောက်ထားတယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
ကိုဝေလွင်ဦးက ကျောက်ဆည်ပင်မပညာရေးသပိတ်တွေမှာပါဝင်ဖူးသူဖြစ်ပြီး CDM ကျောင်းဆရာဖြစ်တာကြောင့် အာဏာသိမ်းစစ်တပ်က ပုဒ်မ ၅၀၅ က ၊ ၅၀၅ ခ၊ အကြမ်းဖက်ဥပဒေပုဒ်မတွေနဲ့ အမှုဖွင့်ထားတယ်လို့ ပြောပါတယ်။
ပုံစာ – အာဏာသိမ်းစစ်တပ်ဖမ်းဆီးသွားတဲ့ ငါးနှစ်အရွယ် မသိမ့်သဒ္ဓါထွန်း။
ဓါတ်ပုံ – မိသားစုဝင်။
#Dailynews

