မကွေး-၂၀၂၂ ဇွန် ၂၄ (မော်ကွန်း)
မကွေးတိုင်း၊ ဆိတ်ဖြူမြို့နယ်၊ ရှားလှကျေးရွာက စိတ်ကျန်းမာရေးမကောင်းသူတစ်ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဖမ်းဆီးသတ်ဖြတ်သွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
အသက် ၄၀ ဝန်းကျင်ရှိတဲ့ စိတ်ကျန်းမာရေးမကောင်းသူ ကိုလှိုင်မြင့်ကို ဇွန် ၂၂ ရက်ညပိုင်းကစစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးဝင်ရောက်ချိန်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး ခန္ဓာကိုယ်အနှံ့ ညှင်းပန်းနှိပ်စက်ခံခဲ့ရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးနေတာကို မနေ့ကပြန်လည်တွေ့ရှိခဲ့တာလို့ ဒေသခံတွေကဆိုကြပါတယ်။
“လှိုင်မြင့်က စိတ်မနှံ့ဘူး။ ရွာထဲကို စစ်ခွေးတွေစစ်ကြောင်းထိုးလာတော့ အကုန်ထွက်ပြေးနေတဲ့အချိန်သူ့ကို ဖမ်းပြီးသတ်ပစ်လိုက်တာ။ လက်တွေလည်းဖြတ်ခံထားရတယ်။ ဦးခေါင်းတစ်ခုလုံးလည်း ရစရာမရှိအောင်ကြေမွနေတယ်။ အတော်လူမဆန်တဲ့ကောင်တွေပါဗျာ” လို့ ရှားလှကျေးရွာဒေသခံတစ်ဦးက ပြောပါတယ်။
သေဆုံးသူရဲ့ လက်တစ်ဘက်ဟာလည်း ခုတ်ဖြတ်ခံထားရပါတယ်။
စစ်ကောင်စီအဖွဲ့တွေဟာ ဒေသခံတွေထွက်ပြေးချိန်မှာ ကျန်ခဲ့တဲ့ ရွှေငွေပစ္စည်းဥစ္စာတွေကိုလည်း ယူသွားကြတယ်လို့ ဒေသခံတွေဆီကသိရပါတယ်။
ပေါက်မြို့နယ်တောင်ပိုင်းက ကျေးရွာတွေကို ဇွန်လလည်ပိုင်းကစပြီး စစ်ကောင်စီတပ်တွေဟာ အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးတိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပြီး ဒေသခံစစ်ဘေးရှောင်တွေပုန်းအောင်းနေထိုင်တဲ့ နေရာတွေအထိ လက်နက်ကြီးတွေနဲ့ လိုက်လံပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
ဓါတ်ပုံ – ဒေသခံ
#Dailynews

