မိုးကုတ် – ၂၀၂၂ ဇွန် ၂၀ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့မှာ စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်း မူးယစ်ဆေးဝါးရောင်းဝယ်သူတွေနဲ့ သုံးစွဲသူတွေ သိသိသာသာမြင့်တက်လာတယ်လို့ မူးယစ်ဆေးဝါးကြောင့်ထိခိုက်ခံစားရသူတွေကို ကူညီစောင့်ရှောက်ပေးနေသူတွေနဲ့ ဒေသခံတွေဆီကသိရပါတယ်။
ဝယ်ယူလို့ရနိုင်တဲ့နေရာတွေ အရင်ထက်များလာပြီး ဈေးသက်သာတာကြောင့် သုံးစွဲဖို့ ပိုလွယ်ကူလာတယ်လို့ ဒေသခံကပြောပါတယ်။
“သူတို့ပိုက်တွေအပြားတွေ၊ တစ်ထောင်၊ထောင့်ငါးရာ စျေးပေါပေါပဲ၊ တခါတလေကျ တစ်ပိုက်ဘယ်လောက်လဲဆိုပြိီး ဝယ်နေကြတာ၊ တစ်ရက်ကို ယင်းရှိတဲ့သူဆိုတစ်သောင်း၊တစ်သောင်းတစ်သောင်းခွဲကုန်တယ်”လို့သတင်းရင်းမြစ်ကပြောပါတယ်။
မိုးကုတ်မြို့မှာ ဘိန်းဖြူ ၊ WY ၊ မက်သ်အဖက်တမင်းတွေရောင်းဝယ်နေတယ်လို့ဒေသခံတွေကပြောပါတယ်။
မူးယစ်ဆေးဝါးသုံးစွဲလို့ ကိုယ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားရသူတွေကို ကူညီစောင့်ရှောက်ပေးနေသူတချို့ကလည်း ဆေးဖြတ်လိုသူလူငယ်တွေ များပြားလာတယ်လို့ဆိုပါတယ်။
လွတ်လွတ်လပ်လပ်ရောင်းချခွင့်ရနေတဲ့မူးယစ်ဆေးဝါးရောင်းသူတွေကို ဖမ်းဆီးအရေးယူမယ့်သူတွေလည်းမရှိသလောက်ပဲလို့ ဒေသခံတစ်ဦးကဆိုပါတယ်။
“မူးယစ်ဆေးကတော့ ပဲကြီးလှော်တောင်ရှာ၀ယ်ရခက်နေမယ်၊ ရပ်ကွက်ထဲပေါ်ပေါ်ထင်ထင်ရောင်းနေတာ၊ဖမ်းမနေဘူး၊ဆေးပေါတော့ ဆေးသမားတွေများလာရော “လို့ ဒေသခံတစ်ဦးကဆိုပါတယ်။
မူးယစ်ဆေးရောင်းဝယ်သူတွေကိုဖမ်းမိပြီးသွားရင်လည်း ငွေပေးပြီးရင်ပြန်လွှတ်လာတယ်လို့ ဒေသခံက ပြောပါတယ်။
မိုးကုတ်မြို့ပင်တောင်ကျေးရွာအနီးမှာ ဖေဖော်ဝါရီလတုန်းက ကျပ်ငွေ ဘီလီယံချီတဲ့ ဘိန်းဖြူ နဲ့ WY တွေကို အာဏာသိမ်းစစ်တပ်လက်အောက်ခံရဲတွေက ဖမ်းမိရခဲ့ပါတယ်။
#Dailynews

