မိုးကုတ် – ၂၀၂၂ ဇွန် ၁၄ (မော်ကွန်း)
မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ ပြည်သူတွေဆီကနေ PDF နာမည်နဲ့ စာပို့ကာ ငွေကောက်ခံမှုတွေရှိနေတယ်လို့ဒေသခံတွေဆီကသိရပါတယ်။
“ည ၉း၀၀ နာရီလောက် ဆိုင်ကယ်နဲ့အိမ်ရှေ့ကဖြတ်သွားပြီး စာအိတ်ထဲစာထည့်ပြီး အိမ်ဝင်းထဲကိုထည့်သွားတာ၊ တခြားအပြင်ကိုမပေါက်ကြားစေဖို့လည်း ရေးထားတယ်၊ သူတို့က PDF အမည်ခံပြီးငွေကကောက်သေးတယ်၊ အလှူကခံသေးတယ်၊ ခြိမ်းခြောက်သေးတယ်”လို့ သတင်းရင်းမြစ်ကပြောပါတယ်။
မိုးကုတ်မြို့အရှေ့ပိုင်းကနေအိမ်အချို့မှာ အခုလိုစာပစ်ပြီးငွေတောင်းခံရမှုတွေကြုံတွေ့နေရပြီး တစ်အိမ်ကို ခုနှစ်သိန်းကျပ်ကောက်ခံနေတယ်လို့ ဒေသခံတွေကပြောပါတယ်။
စာအိတ်မှာ မြို့ခံနယ်ခံရွာခံအဖွဲ့အစည်းက ပေးပို့စာ လို့ရေးသားထားပြီး စာထဲမှာ PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက စုပေါင်းကာ ငွေကြေးတတ်နိုင်တဲ့အိမ်တွေကိုသာတောင်းတာဖြစ်ကြောင်းနဲ့ Wave Money ကနေတဆင့်ငွေလွှဲပေးဖို့ရေးသားထားပါတယ်။
ငွေမလွှဲပေးပါက ပစ္စတိုနဲ့လာမှာဖြစ်ပြီးအနှေးနဲ့အမြန်အသက်အန္တရာယ်ရှိနိုင်တယ်လို့ခြိမ်းခြောက်ရေးသားထားတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
“စာပစ်တဲ့သူတွေကတော့ပစ်မှာပဲ၊ဘယ်အဖွဲ့အစည်းကစာပစ်တယ်ဆိုတာကို ရှာဖွေရမှာပေါ့နော်၊ ရှာဖွေပြီး ဘာလုပ်သင့်တယ်ဆိုတာလုပ်ရမှာပေါ့၊ဘယ်အဖွဲ့တွေကလုပ်တယ်ဆိုတာကိုတော့စုံစမ်းဖော်ထုတ်ရအုံးမှာပါ”လို့ မိုးကုတ်အခြေစိုက် တော်လှန်ရေးတပ်ဖွဲ့ Red Wolves of Mogok တာဝန်ရှိသူတစ်ဦးကပြောပါတယ်။
မိုးကုတ်မြို့ပေါ်မှာ PDF အမည်အသုံးချပြီး စာပစ်ခြိမ်းခြောက်ငွေတောင်းတဲ့ကိစ္စတွေလုပ်ဆောင်နေသူများကိုရှုံ့ချကြောင်း Red wolves of mogok အဖွဲ့က ဇွန်လ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။
#Dailynews

