ရေစကြို – ၂၀၂၂ ဇွန် ၉ (မော်ကွန်း)
မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ သဲတောရွာကို အာဏာသိမ်းစစ်တပ်က ဒီကနေ့ နံနက် ၁၁:၀၀ ဝန်းကျင်က စတင်မီးရှို့နေပြီး မပြေးနိုင်တဲ့ရွာသားအချ်ို့ပိတ်မိနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
အာဏာသိမ်းစစ်တပ်ကသဲတောရွာကို အင်အား၂၀၀ ဝန်းကျင်နဲ့ ဒီကနေ့မနက် ၆:၀၀ ဝန်းကျင်က လက်နက်ကြီးတွေ ပစ်ခတ်ကာဝင်ရောက်လာခဲ့တာဖြစ်တယ်လို့သတင်းရင်းမြစ်က ဆိုပါတယ်။
ရွာထဲကိုဝင်ရောက်လာပြီးနောက် မနက် ၁၁: ၀၀ ဝန်းကျင်မှာ လူနေအိမ်တွေကိုစတင်မီးရှို့ခဲ့တာဖြစ်တယ်လို့ သူကဆိုပါတယ်။
“ရွာထဲကိုရုတ်တရက်ဘာအကြောင်းမှမရှိဘဲဝင်လာတာဆိုတော့ မပြေးလိုက်ရဘဲပိတ်မိနေသူတွေရှိတယ်မီးခိုးတွေကတော့ အူတက်နေတာ မီးရှို့ခံရတဲ့အိမ်များတယ်၊တောဘက်ကိုလည်း တောနင်းရှာနေကြတယ်”လို့သတင်းရင်းမြစ်ကဆိုပါတယ်။
လတ်တလောမှာတော့ မီးလောင်ပျက်စီးသွားတဲ့ အိမ်အရေအတွက်နဲ့ ထိခိုက်သေဆုံးသူတွေ ရှိမရှိ မသိရသေးပါဘူး။
အာဏာသိမ်းစစ်တပ်ကရွာထဲကိုဝင်ရောက်ပြီးနောက် တောထဲကိုလည်း လက်နက်ကြီးနဲ့တရစပ်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
သဲတောရွာမှာ အိမ်ခြေ ၄၀၀ ဝန်းကျင်ရှိပြီး ပထမဆုံးအကြိမ် မီးရှို့ခံရတာပါ။
ပုံစာ – မီးလောင်နေတဲ့သဲတောရွာကို မြင်ရစဉ်
ဓာတ်ပုံ – CJ
#Dailynews

