ရှမ်းပြည်တောင်ပိုင်း – ၂၀၂၂ မေ ၂၂ (မော်ကွန်း)
ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO)အနေဖြင့် အာဏာသိမ်းစစ်တပ်နှင့်ဆက်လက်ပူးပေါင်းနေပါက တိုက်ခိုက်တော့မည်ဖြစ်ကြောင်း ရှမ်းပြည်နယ်တောင်ပိုင်း PDF တပ်ရင်း ၁၀၀၈ က ဒီကနေ့ကြေညာပါတယ်။
PNO/PNA ဟာ အထူးဒေသ (၆) ၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသကို ထိန်းချုပ်ထားပြီး ဥက္ကဌကတော့ ဦးအောင်ခမ်းထီဖြစ်ပါတယ်။
အထူးဒေသ (၆) မှာ မူးယစ်ဆေးဝါးနဲ့ မြေယာသိမ်းဆည်းခံရမှုများစွာရှိနေပြီး ဘိန်းစိုက်ပျိုးမှုတွေလည်းရှိနေပါတယ်။
PNO/PNA ဟာ ပအိုဝ်းဒေသမှာ အင်အားအကောင်းဆုံးစစ်တပ်လည်းဖြစ်တယ်လို့ ပအိုဝ်းဒေသတွင်း နိုင်ငံရေး၊ စစ်ရေးကျွမ်းကျင်သူတွေက ပြောပါတယ်။
နိုင်ငံရေးရပ်တည်ချက် ပြတ်သားမှုမရှိတဲ့ PNO ကို အာဏာသိမ်းစစ်တပ်က အသုံးချနေတာကို ပအိုဝ်းပြည်သူတွေအနေနဲ့ ခွဲခြားနားလည်ဖို့လိုတယ်လို့ တပ်ရင်း ၁၀၀၈ က ကြေညာချက်မှာ ထည့်သွင်းထားပါတယ်။
မကြာသေးခင်ကလည်း အာဏာသိမ်းစစ်တပ်ကို ထောက်ခံအားပေးတဲ့ သီတဂူဆရာတော်ဟာ PNO ခေါင်းဆောင်ထံ လာရောက်တွေ့ဆုံခဲ့ပါသေးတယ်။
လက်ရှိမှာတော့ ကရင်နီပြည်နဲ့ ရှမ်း-ကယားနယ်စပ်တွေမှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ အာဏာသိမ်းစစ်တပ်တွေ စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်းပစ်ခတ်မှု၊ ကျေးရွာမီးရှို့မှုတွေ၊ လက်နက်ကြီးနဲ့ပစ်ခတ်မှုတွေအပါအဝင် တိုက်ပွဲတွေကြောင့် စစ်ရှောင်ပြည်သူလူထုဟာ ပအိုဝ်းဒေသထဲကို ထွက်ပြေးနေကြရတုန်းပါ။
လက်ရှိမြေပြင်တွက်ချက်မှုတွေအရ ရှမ်း-ကယားနယ်စပ် ဆီဆိုင်မြို့နယ်တဝိုက် စစ်ရှောင်ဦးရေ ဟာ အနည်းဆုံး တစ်သောင်းဝန်းကျင်ရှိနေပြီး ဒေသခံပအိုဝ်းပြည်သူတွေက ကူညီထောက်ပံ့နေကြပါတယ်။
#Dailynews

