ရွှေဘို – ၂၀၂၂ မတ် ၂၄ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့က မြို့နယ်လျှပ်စစ်ရုံး မှာ ဒီကနေ့မနက်ပိုင်းက ပေါက်ကွဲမှုတစ်ခုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားကြောင်း ဒေသခံက ပြောပါတယ်။
ဒီကနေ့ မနက် ၉:၀၀ နာရီ ဝန်းကျင်က ရွှေဘိုမြို့၊အမှတ် ၃ ရပ်ကွက်၊ လျှပ်စစ်ရုံးမှာ ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီရဲ့ လက်အောက်ခံ ဝန်ထမ်း အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာသွားကြောင်း၊ လျှပ်စစ်ရုံးအဆောက်အဦးက တံခါးမှန်နဲ့ မျက်နှာကျက်တချို့ ပျက်စီးတာတွေရှိကြောင်း ဒေသခံက ပြောပါတယ်။
အဆိုပါပေါက်ကွဲမှုနဲ့ပတ်သက်ပြီး အာဏာသိမ်းစစ်တပ်ဘက်ကရော ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဘက်ကပါ ထုတ်ပြန်တာမရှိသေးပါဘူး။
ပြီးခဲ့တဲ့လအနည်းငယ်ကလည်း ရွှေဘိုမြို့နယ် လျှပ်စစ်ရုံးကို သတိပေး ဖောက်ခွဲခံရဖူးပါတယ်။
အာဏာသိမ်းစစ်တပ်က မီတာခတွေအတင်းဆောင်ခိုင်းနေလို့ မြို့နယ်လျှပ်စစ်ရုံးတွေမှာ မီတာဆောင်သူတွေ များလာနေပြီး ပေါက်ကွဲမှုတွေလည်း ဖြစ်ပွားနေပါတယ်။
ပုံစာ – ဖောက်ခွဲခံရအပြီး ရွှေဘိုလျှပ်စစ်ရုံးအား တွေ့ရစဥ်
ဓာတ်ပုံ-ဒေသခံ
#Dailynews

