ကလေး – မတ် ၁၇ ၂၀၂၂ (မော်ကွန်း)
စစ်ကိုင်းတိုင်း ၊ ကလေးမြို့က နတ်ချောင်းနဲ့နတ်မြောင်းရွာတွေကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်ပစ်ခတ် မီးရှို့လို့ နေအိမ် ၇၀ ဝန်းကျင် ပျက်စီးဆုံးရှုံးနိုင်ကြောင်း ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။
“ဒီနေ့မှာ ဝင်ကြည့်လို့ရတာဆိုတော့ အတိအကျမသိရသေးဘူး၊ ဒီကောင်တွေဝင်တာ လေးရက်လောက်ရှိပြီ။ ခုတော့ တောင်ဘက်က အောင်ချမ်းသာရွာကို ဒီကောင်တွေ မီးသွားရှို့နေတယ်” လို့ ဒေသခံကပြောပါတယ်။
နတ်ချောင်းနဲ့နတ်မြောင်းကို အာဏာသိမ်းစစ်တပ်တွေဟာ မတ် ၁၄ ရက်နေ့က ဝင်ရောက်ခဲ့ပြီး လက်နက်ကြီးတွေနဲ့ပါ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
ဒီကနေ့မှာတော့ အာဏာသိမ်းစစ်တပ်တွေဟာ တခြားရွာတွေကို မီးသွားရှို့နေချိန် မီးရှို့ခံရတဲ့ ကိုယ့်ရွာထဲက အိမ်တွေကို လိုက်စစ်ကြည့်ရာ နတ်ချောင်းနဲ့နတ်မြောင်းထိစပ်နေတဲ့နေရာမှာ နေအိမ် ၂၆ လုံးဝန်းကျင်၊ နတ်ချောင်းရွာမှာ အလုံး ၆၀ လောက်ထိရှိနိုင်ကြောင်း ဒေသခံကပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရမှု၊ ဒဏ်ရာရရှိမှုအခြေအနေတွေကိုလည်း လတ်တလောမှာ မသိရသေးဘူးလို့ ဒေသခံကပြောပါတယ်။
နတ်ချောင်းနဲ့နတ်မြောင်းရွာတွေ အခုလို မီးရှို့ခံရတာဟာ သုံးကြိမ်မြောက်ရှိလာပြီး ဒေသခံတွေလည်း သတ်ဖြတ်ခံရတာတွေ၊ ဖမ်းဆီးခံရတာတွေရှိခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရန်ပြုမှုတွေကနေ ဘေးလွတ်ရာကို ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေရပြီး နတ်ချောင်းနဲ့နတ်မြောင်းဟာ စစ်တလင်းလို ဖြစ်နေတယ်လို့ ဒေသခံကပြောပါတယ်။
ပုံစာ – နတ်ချောင်း၊နတ်မြောင်း မီးရှို့ခံနေရစဉ်။
ဓါတ်ပုံ – CJ
#Dailynews

