ခင်ဦး – ၂၀၂၂ မတ် ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က ကျေးရွာတွေမှာ အာဏာသိမ်းစစ်တပ်က တစ်ပတ်အတွင်း နေအိမ်တစ်ရာကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ပြည်သူသုံးဦးကိုလည်း သတ်ဖြတ်သွားကာ ထောင်ချီတဲ့ စစ်ရှောင်ပြည်သူတွေ အကူအညီလိုအပ်နေပါတယ်။
ခင်ဦးမြို့နယ်မှာ မတ်လ၅ရက်နေ့ကနေ ၁၃ရက်နေ့အထိ အာဏာသိမ်းစစ်ကောင်စီတပ်တွေက အင်အား ၂၀၀ ခန့်နဲ့ ကျေးရွာတွေကို အကြမ်းဖက်ဝင်ရောက်ဖျက်ဆီးခဲ့လို့ ရွာပေါင်း၂၀ ဝန်းကျင်က ပြည်သူထောင်ချီ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေသခံက ပြောပါတယ်။
ဒါန်းကုန်းကျေးရွာမှာ ၄၃အိမ်၊မှန်တောကျေးရွာမှာ ၃၈အိမ်၊ ကျွန်းလယ်ကျေးရွာမှာနှစ်အိမ်နဲ့ ယာစောင့်တဲ-ငါးလုံး၊ သက်ပေးကျေးရွာမှာ ၁၃အိမ် မီးရှို့ဖျက်ဆီးခံခဲ့ရပါတယ်။
မူးသာကျေးရွာနဲ့ တာတိုင်ကျေးရွာတွေက ပြည်သူပိုင်နေအိမ်တွေကိုလည်း ဝင်ရောက်ဖျက်ဆီးမွှေနှောက်သွားခဲ့ကြောင်း၊ အာဏာသိမ်းစစ်တပ်ဟာ လမ်းမှာတွေ့တဲ့ နယ်ခံ အမျိုးသား သုံးဦးကို လမ်းပြခေါ်ဆောင်ပြီး လမ်းမှာ သတ်ဖြတ်ထားခဲ့ကြောင်း ဒေသခံက ပြောပါတယ်။
သိမ်တော်ကျေးရွာအနီးမှာလည်း အာဏာသိမ်းစစ်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး PDF အဖွဲ့သား ၁၅ ဦး ကျဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်နဲ့အတူ ပျူစောထီးအဖွဲ့ဝင်တွေလည်း ပါဝင်ခဲ့ပြီး အခုအခါ ရွှေဘိုနဲ့ ဒီပဲယင်းမြို့နယ်တွေဘက်ကပါ စစ်ကြောင်းထိုးနေကြောင်း၊ လက်တလော ခင်ဦးမြို့နယ်မှာ အိုးအိမ်မဲ့သွားတဲ့ပြည်သူများစွာ ရှိနေပြီး နေစရာ၊ဆေးဝါးအပြင်အစားအစာအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ကူညီနေသူနယ်ခံတွေက ပြောပါတယ်။
#Dailynews

