ယင်းမာပင် – ၂၀၂၂ မတ် ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် ပြည်သူ ၁၂ ဦးအထိ သေဆုံးခဲ့ပြီးမီးရှို့ခံထားရတဲ့အလောင်းတွေ တွေ့ရကြောင်း ဒေသခံတွေက ပြောပါတယ်။
ယင်းမာပင်မြို့နယ် လက်ပံတောရွာမှာ တပ်စွဲထားတဲ့ အာဏာသိမ်းစစ်တပ်ဟာ မတ်လ ၈ ရက်နေ့က လက်နက်ကြီးများနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့တာကြောင့် ပြည်သူများထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး ၁၃ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
မနေ့ကအထိ သေဆုံးသူ ၁၂ ဦးရှိနေပြီဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
သေဆုံးသူတွေဟာ လက်ပံတောရွာနဲ့ ကန်သာရွာက အသက် ၅ နှစ်နဲ့ ၈ နှစ်အရွယ် ကလေးငယ်နှစ်ဦး၊ အသက် ၃၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးနဲ့ အသက် ၆၁ နှစ်မှ ၉၃ နှစ်အရွယ်အထိ သက်ကြီးဘိုးဘွား ကိုးဦး စုစုပေါင်း ၁၂ ဦးသေဆုံးသွားကြောင်း ဒေသခံက ပြောပါတယ်။
“သေဆုံးတဲ့သူတွေထဲမှာ လက်ပံတောရွာက အဘွားဖြစ်သူနဲ့သူ့သမီးရယ် သူ့မြေးကလေးနှစ်ယောက်ရယ် မိသားစုတစ်စုတည်းက လေးယောက်သေဆုံးသွားတာရှိတယ်။ ကန်သာရွာကလည်း ညီအစ်မအရင်းကိုက နှစ်တွဲ(စုစုပေါင်းလေးယောက်) သေဆုံးတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
လက်ပံတောရွာ ဘုန်းကြီးကျောင်းရဲ့ မြောက်ဘက်က နေအိမ်သုံးလုံးထဲမှာ ပြည်သူ ၁၂ယောက် ရုပ်အလောင်းတွေ မီးရှို့ခံထားရတာကို တွေ့ရှိခဲ့တယ်လို့ ဒေသခံကပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ရမ်းသမ်းပစ်ခတ်မှုတွေကြောင့် ယင်းမာပင်နယ်က လက်ပံတောနဲ့ ကံသာကျေးရွာများအပါအဝင် ကျေးရွာငါးရွာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
#Dailynews

