ရန်ကုန် – ၂၀၂၂ မတ် ၆ (မော်ကွန်း)
သန်လျင် အောင်ချမ်းသာရပ်ကွက်အုပ်ချုပ်ရေးမှူးပစ်သတ်ခံရတာကြောင့် သန်လျင်မြို့ထွက်တံတားတွေအကုန်လုံးဒီနေ့မနက်ကစပိတ်ထားလိုက်ပါတယ်။
“မနက်အစော အိမ်ရှေ့မှာတံမြက်စည်းလှဲနေတုန်းပစ်သွားတာ၊ ငါးချက်ပစ်တာ၊ မသေမချင်းပစ်သွားတာ” လို့ သန်လျင်မြို့ခံတစ်ဦးကပြောပါတယ်။
၎င်းအုပ်ချုပ်ရေးမှူးရဲ့ရုံးကို ပြီးခဲ့တဲ့လကလည်း ဗုံးပစ်ထည့်ခဲ့ပေမယ့် အသက်မသေခဲ့ဘဲ ဒီနေ့မနက်ထပ်မံပစ်ခတ်သတ်ဖြတ်ခဲ့တာလို့ ၎င်းကဆိုပါတယ်။
စစ်အာဏာသိမ်းတာကြောင့် ယခင်အုပ်ချုပ်ရေးမှူးက CDM လုပ်သွားချိန်မှာ အဆိုပါအုပ်ချုပ်ရေးမှူးဟာ ဝင်ရောက်နေရာယူခဲ့တာဖြစ်ပြီး ရပ်ကွက်ထဲမှာ အာဏာပြကာ အတောင်းအရမ်းကြမ်းသူဖြစ်တယ်လို့ ၎င်းဒေသခံကရှင်းပြပါတယ်။
အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီးတာနဲ့ လမ်းတွေပိတ်ချလိုက်တာကြောင့် မနက် ၁၁:၃၀ လောက်မှာတော့ ရန်ကုန်ဘက်ကူးမယ့်ကားတွေဟာ သန်လျင်တံတားအဆင်းကနေ နာရီစင်အထိ တန်းစီစောင့်ဆိုင်းနေကြတာတွေ့ရပါတယ်။
နေပူပူအောက်မှာရပ်ထားတဲ့ ကားပေါ်ပါခရီးသည်တွေကတော့ ကားပေါ်ကဆင်းပြီး အရိပ်ရနေရာတွေရှာဖွေစောင့်ဆိုင်းနေကြပါတယ်။
လမ်းတွေသာပိတ်ထားပြီး ကားတွေကိုစစ်ဆေးတာမျိုးမတွေ့ရသေးသလို ဘယ်ချိန်ထိပိတ်ထားဦးမလဲဆိုတာကိုလည်း ဘယ်သူမှအတည်မပြုနိုင်ကြသေးပါဘူး။
သန်လျင်ဘက်ကအထွက်ကားတွေသာပိတ်ထားတာဖြစ်ပြီး ရန်ကုန်ဘက်ကကားတွေတော့ သွားလို့ရနေသေးတာတွေ့ရပါတယ်။
#Dailynews

