မန္တလေး – ၂၀၂၂ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း)
မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ခန့် ရာအိမ်မှူးတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။
ပစ်ခတ်ခံရတဲ့သူဟာ ပြည်ကြီးတံခွန်မြို့နယ်၊ ၆၇ (ဒီ)လမ်း၊ ၁၁၉လမ်းနဲ့ ၁၂၀ လမ်းကြား၊ (ဂ)ရပ်ကွက်မှာနေထိုင်တဲ့ ရာအိမ်မှူး ထွန်းဝေဆိုသူဖြစ်ပါတယ်။
ဒီကနေ့ မနက် ၁၀:၄၀ လောက်က သူ့ နေအိမ်ရှေ့မှာထိုင်နေချိန် ဆိုင်ကယ်တစ်စီးပေါ်ကနေ ပစ်ခတ်သွားလို့ သေဆုံးသွားခြင်းဖြစ်ကြောင်း ဒေသခံက ပြောပါတယ်။
တစ်ချက်ပစ်ခတ်ခံရပြီး ဝမ်းဗိုက်ဝဲဘက်ခြမ်း ကျည်ဖောက်ဝင်ဒဏ်ရာ ရရှိခဲ့ကာ ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးသွားခဲ့တယ်လို့ မြို့ခံတွေက ဆိုပါတယ်။
ပြည်ကြီးတံခွန်မြို့နယ်ထဲက မြို့ပြင်အစွန်အဖျားရပ်ကွက်တွေမှာ ဧည့်စာရင်းစစ်ဆေးမှုတွေ ခပ်စိပ်စိပ်ပြုလုပ်နေတယ်လို့ မြို့သစ်ပိုင်းမှာနေထိုင်သူတစ်ဦးက ပြောပါတယ်။
ဖေဖော်ဝါရီလ ၁၈ ရက် ညနေပိုင်းကလည်း ပြည်ကြီးတံခွန်မြို့နယ် (စ)ရပ်ကွက် အာဏာသိမ်းစစ်တပ် ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးဟာ လက်လုပ်ဗုံးနဲ့ပစ်ခတ်ခံခဲ့ရပါသေးတယ်။
အာဏာသိမ်းစစ်တပ်ဟာ ပြည်ကြီးတံခွန်မြို့နယ်အပါအဝင် မန္တလေးမြို့ပတ်ပတ်လည်ဆင်ခြေဖုံးရပ်ကွက်တွေကို ဖေဖော်ဝါရီလ ဒုတိယပတ်အတွင်းက လှည့်လည်ပိတ်ဆို့စစ်ဆေးပြီး ဖမ်းဆီးမှုတွေ ပြုလုပ်ခဲ့ပါတယ်။
#Dailynews

