တန့်ဆည် – ၂၀၂၂ ဖေဖော်ဝါရီ ၁၅ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်ဟာ ကျေးရွာအမြောက်အများကို နေ့စဥ်ဆက်တိုက်မီးရှို့နေလို့ ဒေသခံပြည်သူတွေထောင်ချီ တိမ်းရှောင်နေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။
မီးရှို့လိုက်ရှို့တဲ့ အာဏာသိမ်းစစ်တပ်လည်း မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံကဆိုပါတယ်။
ဒီကနေ့ မနက် ၈:၀၀ နာရီဝန်းကျင်က တန့်ဆည်မြို့နယ် ဖလံချိုင်ရွာမှာ အာဏာသိမ်းစစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့နေလို့ နေအိမ်သုံးလုံး မီးလောင်ကျွမ်းခဲ့တဲ့အပြင် ချောင်းဆုံတောင်ရွာက နေအိမ်တစ်လုံးကိုလည်း မီးရှို့ထားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
“စစ်သားအနည်းငယ်နဲ့ ပျူစောထီးတွေ ဝင်ရောက်မီးရှိူ့တာပါ” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
အာဏာသိမ်းစစ်တပ်ရဲ့ ဝင်ရောက်ဖျက်ဆီးမှုကို မကြာခဏခံရတဲ့ ကာပေါင်းကျကျေးရွာကိုလည်း ဖေဖော်ဝါရီ ၁၁ ရက်နေ့ကနေ မနေ့အထိ နေအိမ် ၃၉ လုံး ထပ်မံမီးရှိုခဲ့ရပါတယ်။
အာဏာသိမ်းကာလတစ်လျှောက် ကာပေါင်းကျရွာမှာ နေအိမ်စုစုပေါင်း ၁၁၄ လုံးအထိ မီးရှို့ခံခဲ့ရပြီး နေအိမ် ၁၂၀ ကျော်အထိ ရိုက်ဖျက်ခံခဲ့ရကြောင်း ဒေသခံက ပြောပါတယ်။
မနေ့က နေ့လယ် ၁:၀၀ နာရီဝန်းကျင်က ကာပေါင်းကျကျေးရွာနေအိမ်တွေကို မီးရှို့ ထွက်လာတဲ့ အာဏာသိမ်းစစ်တပ်ရဲ့ အင်အား ၁၅၀ ခန့်ပါ စစ်ကြောင်းဟာ ရွာရှည် (မ) ရွာ အနောက်ဘက် မူးကူးတံတားအနီးမှာ ဒေသခံကာကွယ်ရေးအဖွဲ့က ဆွဲမိုင်း ၃ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား အနည်းဆုံး ၇ ဦးထက်မနည်း သေဆုံးခဲ့ပြီး အများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောပါတယ်။
ညနေ ၃:၀၀ နာရီလောက်ကလည်း ရွာရှည် ရွာအဝင်လမ်းမှာ ပြောက်ကျားအဖွဲ့တစ်ဖွဲ့ကနေ ထပ်မံ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီတပ်သားတွေ အများအပြားသေနိုင်ကြောင်းဒေသခံတွေက ပြောပါတယ်။
“မနေ့ညနေပိုင်းက ရွာရှည်(မ)အနီး မိုင်းမိတဲ့စစ်သားတွေက မူးတံတားမဖြတ်ရဲတာကြောင့် ရေထဲကနေ ဖြတ်သွားကြတယ်ပြောတယ်။ ကျတဲ့သူတွေကိုလည်း ဖောင်နဲ့သယ်သွားကြတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ညနေ ၅:၀၀ နာရီခန့်မှာတော့ အာဏာသိမ်းစစ်တပ်ဟာ ရွာရှည် (မ) ကျေးရွာသို့ လက်နက်ကြီးပစ်၊ သေနတ်ဖောက် ဝင်ရောက်ခဲ့ပြီး ကျေးရွာလူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
ပုံစာ – ဒီကနေ့မနက်ပိုင်းက ဖလံချိုင်ရွာနဲ့ ချောင်းဆုံတောင်ရွာတို့ မီးရှို့ခံနေရစဥ်။
ဓါတ်ပုံ-နယ်ခံ
#Dailynews

