တန့်ဆည် – ၂၀၂၂ ဖေဖော်ဝါရီ ၁၀ (မော်ကွန်း)
စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်၊ ပေချောင်ရွာမှာ အာဏာသိမ်းစစ်တပ်က နှစ်ရက်ဆက်တိုက်ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၁၀ လုံးထက်မနည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။
မနေ့နဲ့ ဒီကနေ့တွေမှာ အာဏာသိမ်းစစ်တပ်ဟာ တန့်ဆည်မြို့နယ်မြောက်ပိုင်း ပေချောင်ရွာထဲဝင်ရောက်လာပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျူစောထီးတွေလည်း ပါဝင်ကြောင်း ဒေသခံကပြောပါတယ်။
“နေအိမ်တွေတင်မကပါဘူး။ စပါးတွေ၊ ပဲတွေပါ မီးရှို့ဖျက်ဆီးသွားတယ်”လို့ တန့်ဆည်ဒေသခံတစ်ဦးက ဆိုပါတယ်။
ဖေဖော်ဝါရီ (၈)ရက်ကလည်း အာဏာသိမ်းစစ်တပ်နဲ့ ပျူစောထီးတွေဟာ တန့်ဆည်မြို့နယ်၊ ထန်းကုန်းကြီးရွာ နေအိမ် ခုနှစ်လုံးကို ရိုက်ဖျက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့မနက်ပိုင်းက တန့်ဆည်မြို့နယ်၊ ကံထူးမရဲစခန်းကို PDF တွေဝင်ရောက်တိုက်ခိုက်ခဲ့လို့ အာဏာသိမ်းစစ်တပ်ဘက်ကထိခိုက်မှုတွေ ရှိခဲ့ပါသေးတယ်။
ပုံစာ – ပေချောင်ရွာပျက်စီးဆုံးရှုံးမှုမြင်ကွင်းများ
ဓါတ်ပုံ – နယ်ခံ
#Dailynews

